...အောင်ဆန်းဆရာတော်ဘုရားဘဒ္ဒ န္တ သဒ္ဓမ္မကိတ္တိသာရ ဟောကြားတဲ့ တရားတော်ထဲက
သားသမီးဝတ္တရားငါးပါးနဲ့ ပတ်သက်ပြီး ဆုံးမဟောပြထားတာလေးကောက်နုတ်ချက်နဲ့
...လှူမျှဝေ၍ဆိုတဲ့သားသမီးများထံမှ ကျေးဇူးရှင်မိဘများ မျှော်လင့်သော
နောက်ဆုံးမျှော်လင့်ချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက်
ရွှေညာ-မောင်ယဉ်စိုးမှ လက်တွေ့မဖြစ်မနေ လုပ်ဆောင်ရမည့်အချက်များ
ရွေးထုတ်စီစဉ်ဖော်ပြထားခြင်းကို ကမ္ဘာသစ်
ဓမ္မမိတ်ဆွေများ. သူငယ်ချင်းများအတွက် ပူးတွဲတင်ဆက် မျှဝေပေးလိုက်ပါတယ်ရှင်.
ပိုပြီးပြည့်ပြည့်စုံစုံ.ရှင်းရှင်းလင်းလင်းလေးသိစေချင်တဲ့ ဆန္ဒပါရှင်.
...အောင်ဆန်းဆရာတော်ဘုရားဘဒ္ဒ န္တ သဒ္ဓမ္မကိတ္တိသာရ ဟောကြားတဲ့ တရားတော်ထဲက သားသမီးဝတ္တရားငါးပါးနဲ့ ပတ်သက်ပြီး ဆုံးမဟောပြထားတာလေးပါ.
***သားသမီးဝတ်***
*** ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊
ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။
...မိဘတိုင်း.မိဘတိုင်း မိမိတို့ သားသမီးလေးတွေ ပေါ်ပေါက်လာတာနဲ့ မိဘတို့ဝတ္တရားဆိုတာရှိလာတယ်.
* မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊
ဖခင်မယ်တို့တာ* ဟူသည်နှင့်အညီ မိဘ၀တ္တရားအရ အရွယ်အလိုက် အတတ်ပညာသင်ပေးရတာတွေ.
အရင်းအနှီး စိုက်ထုတ်ပေးရတာတွေ. ဒါတွေဟာ မိဘ၀တ္တရားတွေဘဲပေါ့.
...မိဘတို့က လက်ထပ်ထိမ်းမြားပေးလိုက်တာနဲ့ တစ်အိုးတစ်အိမ် ထူထောင်နေကြ၊ ဒီမှာကျွေးမွေးမပျက်ဆိုတဲ့
သားသမီးဝတ္တရားက ဒီကစရင်ပိုပြီး ပီပြင်ပါလိမ့်မယ်. ဘာလို့လဲဆိုတော့ ငယ်စဉ်ကလည်း ပညာတွေသင်ကြ.
ဘာကြညာကြဆိုတော့ မိဘကို လုပ်မကျွေးနိုင်သေးဘူး. အရွယ်လေးရောက်လာပြန်တော့လည်း ပညာလေးစုံမလို့ရှိသေး
ကြင်ယာလေးတွေ ဆုံလိုက်ကြရလို့ မိဘကို မလုပ်ကျွေးနိုင်ကြပြန်ဘူး. အချို့ဆိုရင် ပညာတောင်မစုံကြသေးဘူး.
အိမ်ထောင်ရက်သားကျကြ. ဒါနဲ့ဘဲ ကျွေးမွေးမပျက်ဆိုတာ မဖြစ်ခဲ့ကြဘူး.
...အေးဒီတော့ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ တည်ထောင်ပြီးကြတဲ့အခါမှာတော့ မိမိတို့ရဲ့စီးပွားရေးအခြေအနေအရ
ဇနီးမောင်နှံတိုင်ပင်ပြီး သူ့ဘက်ကိုယ့်ဘက် သဘောမကွဲဘဲ မိအိုဖအိုတွေကို ကျွေးမွေးကြရင်ဖြင့်
ကျွေးမွေးမပျက်ဆိုတဲ့
သားသမီးဝတ္တရားကျေတဲ့ သားရတနာ.သမီးရတနာတွေဖြစ်ကြမှာပါဘဲ။ စီးပွားရေးနိမ့်ပါးလို့ သိသိသာသာ မကျွေးမွေး
မထောက်ပံ့နိုင်သည့်တိုင်အောင် မိမိတို့ရဲ့စားဦးစားဖျား.
ဟင်းထူးဟင်းဆန်းလေးရှိရင်တောင်မှ မိဘတွေဆီကို တစ်ဇွန်းတစ်ယောက်မ.
တစ်ပန်းကန်ဆိုသလို ရောက်အောင်ကြိုးစားကြပါ. ဒါမှ
သားသမီးဝတ္တရားကျေတယ်လို့ဆိုရပါမယ်.
...ဆောင်ရွက်စီမံဆိုတာက မိတွေ.ဘတွေ အခြေတည်ပေးလိုက်တဲ့ လုပ်ငန်းကိုင်ငန်းတွေ.ဒါတွေကို ဦးဆောင်စီမံ ဆောင်ရွက်ရမယ်ပေါ့.
ဥပမာ-ကုမ္ပဏီကြီးတွေ ဘာတွေထောင်ထားရင်လည်း အဲဒီကုမ္ပဏီမှာ
စီမံခန့်ခွဲအုပ်ချုပ်ပြီး မိဘတွေကိုယ်စား လုပ်တတ်ကိုင်တတ် ရမယ်.
ဒါကဆောင်ရွက်စီမံ.
...မွေခံထိုက်စေ ဆိုတာက မိဘတွေရဲ့ ကောင်းမွေဆိုးမွေ .
ကောင်းမွေဆိုတာက မိဘတွေပြုလုပ်ခဲ့တဲ့ အစဉ်အလာကောင်းတွေ.
ကုသိုလ်ရေး.ဘာသာသာသနာရေးဆိုတဲ့ အစဉ်အလာကောင်းတွေကို သားသမီးတွေ ခံကြရပါတယ်.
အဲလိုကောင်းမွေခံရသလို ဆိုးမွေကိုလည်း သားသမီးတွေ ခံကြရပါတယ်.
မိဘတွေကောင်းရင် ကောင်းသလောက် ဂုဏ်သရေရှိပြီး. ဆိုးရင်လည်း ဆိုးသလောက်
သားသမီးတွေ မျက်နှာငယ်ကြရပါတယ်. ဘုရားဒကာဦးဖြူရဲ့သားဆိုလည်း အမွေပါဘဲ.
အရက်သမားဦးမဲရဲ့သားဆိုလည်း အမွေပါဘဲ. ပစ္စည်းဥစ္စာကိုသာ အမွေခံကြရတာမဟုတ်ဘဲ
မိဘတွေရဲ့နာမည် ကောင်းမွေဆိုးမွေ ကိုလည်း သားသမီးတွေခံကြရပါတယ်. ဆိုတော့
ကိုယ်က မိဘအလှည့်ရောက်တဲ့အခါမှာ ကိုယ့်သားသမီးလေးတွေ ကောင်းမွေခံ
ဖြစ်ဖို့ဆိုတာ မိဘတိုင်းရဲ့သမိုင်းပေး တာဝန်ပါ. အဲဒီလို
မိဘတွေရဲ့ကောင်းမွေကို ခံထိုက်တဲ့သားကောင်း.သမီးကောင်းလေးတွေ ဖြစ်ဖို့လည်း
သားသမီးများမှာ တာဝန်ရှိပါတယ်.
...စောင့်လေမျိုးနွယ် ဆိုတာကလည်း အမျိုးချစ်စိတ်ရှိဖို့. အစဉ်အလာကောင်း ထိန်းသိမ်းဖို့ သွန်သင်ချက်ပါဘဲ.
...လှူမျှဝေ၍ဆိုတဲ့ သားသမီးများထံမှ ကျေးဇူးရှင်မိဘများ မျှော်လင့်သော နောက်ဆုံးမျှော်လင့်ချက်ကို
ရွှေညာ-မောင်ယဉ်စိုးမှ လက်တွေ့မဖြစ်မနေ လုပ်ဆောင်ရမည့်အချက်များကို ရွေးထုတ်တင်ဆက်ထားတာလေးပါ.
...သားသမီးတို့အပေါ်မိဘတို့သည် အောက်ဖော်ပြပါ အချက်ငါးရပ်ဖြင့် မျှော်လင့်ချက်ထားခဲ့ကြသည်။
(၁) ငါတို့ အိုမင်းသောအခါ သား.သမီးများက ငါတို့အား အတုံ့တစ်ဖန် ပြန်လည် လုပ်ကျွေးပြုစုကြလိမ့်မည်။
(၂) ငါတို့ပြုလုပ်ရမည့် အမှုကိစ္စ ကြီး.ငယ်တို့ကို သားသမီးများက ငါတို့ကိုယ်စား အားထုတ်ပြုလုပ်ကြလိမ့်မည်။
(၃) ငါတို့အမျိုးအနွယ်အဆက်ရှည်ကြာအောင် သားသမီးများက ပြုမူဆောင်ရွက် နေထိုင်ရစ်ကြလိမ့်မည်။
(၄) ငါတို့၏အမွေကို သားသမီးများက ခံယူရစ်ကြလိမ့်မည်။
(၅) ငါတို့ ကွယ်လွန်ပြီးသောအခါ သားသမီးများက ငါတို့အား ရည်စူး၍
ကုသိုလ်ကောင်းမှုပြုကာ ငါတို့အား အမျှအတန်း ပေးဝေခြင်းဖြင့်
ထောက်ပံ့မှုပြုကြလိမ့်မည်။
(အင်္ဂုတ္တရ၊ ပဉ္စကနိပါတ်၊ ပုတ္တသုတ်)
...မိဘကိုပြုစုလုပ်ကျွေးခြင်း၊ မိဘ၏တာဝန်များကို ပခုံးပြောင်းတာဝန်ယူခြင်း၊ မျိုးနွယ်ဆက်ကြာရှည်တည်အောင်
ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အမွေခံယူခြင်းဟူသော အချက်တို့ကို သားသမီးများ တာဝန်ကျေအောင် ဆောင်ရွက်
နိုင်သည်ထားဦး၊ နောက်ဆုံးအချက်ကိုကား ခြွင်းချက်ဖြင့်သာ လက်ခံရပေမည်။
...မိဘများ၏ ယင်းနောက်ဆုံးမျှော်လင့်ချက်ကို သားသမီးများသည် မိရိုးဖလာအစဉ်အလာအရကား ဆောင်ရွက်
နေကြသည်သာဖြစ်ပါ၏။ သို့သော်မိဘများ၏ မျှော်လင့်ချက်ကား *ပြည့်မှပြည့်ဝပါလေစ*ဟု စဉ်းစားစရာရှိပါသည်။
မျှော်လင့်ချက်ကိုတော့ ဖြည့်ဆည်းပေးပါ၏။ သို့ရာတွင် လုပ်နည်းလုပ်ဟန် (ဖြည့်ဆည်းပေးမှုလုပ်ရပ်) လွှဲမှားမှုများ၊
အားနည်း.ချို့ယွင်းချက်များကြောင့် မိဘများမျှော်လင့်ချက် မပြည့်ဝဘဲရှိနေရတတ်ပါသည်။ သားသမီးများ အလွန်တရာ
ဆင်ခြင်စဉ်းစားသင့်သောကိစ္စဖြစ်သည်။
...သားသမီးသံယောဇဉ်၊ ပစ္စည်းသံယောဇဉ် စသည်တို့ဖြင့် လူ့ဘောင်လောကမှ
ခွဲခွာ(ကွယ်လွန်)သွားရရှာသော မိဘများသည် ဂတိငါးပါးတွင် (ပေတဂတိ)ခေါ်
ပြိတ္တာဘ၀သို့လည်း ရောက်တတ်ပေသည်။ ထိုကဲ့သို့ အ၀တ်ဆင်းရဲ၊ အနေဆင်းရဲ၊
အစားဆင်းရဲ စသော ဆင်းရဲခြင်းတို့ဖြင့် နေရသော (ပြိတ္တာဖြစ်ရသူ)
မိဘများ၏အဖြစ်ကို သားသမီးများ ကြီးမားမြင့်မြတ်သောဆန္ဒဖြင့်
ထောက်ပံ့ကူညီပေးရမည်ဖြစ်ပေသည်။ ထောက်ပံ့ကူညီပေးပုံပေးနည်းကိုလည်း
ဗုဒ္ဓဘုရား၏ လမ်းညွှန်ဟောကြားချက်များ၌ ၇ှိခဲ့ပြီးဖြစ်သည်။
(၁) ဒေ၀ဂတိ-နတ်ဘုံ၊ ဗြဟ္မာ့ဘုံ
(၂) မနုဿဂတိ-လူ့ဘုံ
(၃) တိရစ္ဆာနဂတိ-တိရစ္ဆာန်ဘဝ
(၄) ပေတဂတိ-ပြိတ္တာဘုံ၊ ပြိတ္တာဘဝ
(၅) နိရယဂတိ-ငရဲဘုံ ဟူ၍ ဂတိငါးမျိုးလားရောက်ရာ ဘုံဘ၀ငါးမျိုးရှိရာ
ဤလူ့ဘုံလူ့ဘ၀မှ ကွယ်လွန်ကာ *ပေတဂတိ*-ပြိတ္တာဘ၀ရောက်ရှိသွားသူကို
ရည်စူးပြုလုပ်သောဒါနသည် *ပေတဒါန*ဖြစ်သည်။ ထိုပေတဒါနသည်
ပြိတ္တာဘုံဘ၀ရောက်ရသူအတွက်သာ အကျိုးသက်ရောက်မှုရှိပေသည်။ ကွယ်လွန်သူသည်
အကယ်၍ နတ်.ဗြဟ္မာ့ဘုံ၊ လူ့ဘုံ၊ တိရစ္ဆာန်ဘ၀၊ ငရဲဘုံတို့သို့ရောက်ရှိသွားပါက
ကျန်ရစ်သူပြုလုပ်သည့် ကုသိုလ်အဖို့သည် ကွယ်လွန်သူအတွက် အကျိုးသက်ရောက်မှု
မ၇ှိချေ။ သို့သော် ထိုကုသိုလ်သည် အချည်းနှီးတော့မဖြစ်၊ မိမိတို့
ကုသိုလ်ပြုသူများသည် ယင်းကုသိုလ်၏အကျိုးကို ကျိန်းသေမုချ
ပြန်လည်ရရှိကြမည်ဖြစ်သည်။ အမှန်မှာ ကွယ်လွန်သူကို ရည်စူးပြုလုပ်သော
ကောင်းမှုအဖို့ကို ကွယ်လွန်သူရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မိမိတို့
ကုသိုလ်ကောင်းမှုပြုသူတို့ကား(ရသင့်သလို) ရရှိကြမည်သာဖြစ်သည်။
...ဂတိငါးပါးအနက် ပြိတ္တာဂတိ-ပြိတ္တာဘ၀ရောက်ရသူသာ ကျန်ရစ်သူတို့ပြုသော
ကုသိုလ်အကျိုးသက်ရောက်မှု ၇ှိနိုင်သည်ဟုဆိုလင့်ကစား ပြိတ္တာတိုင်းအတွက်ကား
အကျိုးသက်ရောက်မှုမ၇ှိနိုင်ချေ။
(၁) ၀န္တာသိကပြိတ္တာ
(၂) ခုပ္ပိပါသိကပြိတ္တာ
(၃) နိဇ္ဈာမတဏှိကပြိတ္တာ
(၄) ပရဒတ္တူပဇီဝိတပြိတ္တာ ဟူသော ပြိတ္တာ(၄)မျိုးအနက် ပရဒတ္တူပဇီဝိတပြိတ္တာ
အဖြစ်မျိုးသာလျှင် ကျန်ရစ်သူတို့ပြုသော ကုသိုလ်အဖို့အမျှပေးဝေမှုကို
ရယူနိုင်သည်။ ကျန်ပြိတ္တာမျိုးဖြစ်ခဲ့ပါမူ အကျိုးသက်ရောက်မှု
မ၇ှိနိုင်ပါချေ။
(မိလိန္ဒပဥှာ၊ ပါ-၂၈၄၊ ပုဗ္ပပေတာဒိပဥှ)
*
...ကွယ်လွန်ပြီးသူသည် မည်သည့်ဘ၀မှာပင်ရောက်နေစေကာမူ ကျန်ရစ်သူများအနေဖြင့်
ထိုကွယ်လွန်သူအတွက် ရည်စူးလျက် ကုသိုလ်ကောင်းမှုပြုကာ
အမျှပေးဝေသင့်လှသည်သာဖြစ်၏။ ဤသည်မှာ မလွှဲနိုင်သော ဆောင်ရွက်ချက်ပင်ဖြစ်သည်။
ကွယ်လွန်သူကို ရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေရာတွင်
နည်းမှန်လမ်းကျပြုလုပ်တတ်ဖို့ အရေးကြီးပေသည်။
ဤတွင်ဆရာကြီးဦးမြင့်ဆွေ(မြင့်ဆွေ)၏ *ကွယ်လွန်သူကောင်းကျိုးရအောင်
ဒါနပြုနည်း*စာအုပ်မှ အရေးကြီးသော အချက်အလက်အချို့ကို
ကောက်နုတ်ဖော်ပြလိုပါသည်။
...အလှူခံပုဂ္ဂိုလ်မှာ သီလမရှိသော ဒုဿီလရဟန်းဖြစ်နေလျှင်လည်း
ကွယ်လွန်သူအနေဖြင့် ယင်းကုသိုလ်၏ အဖို့ဘာဂအမျှကို သာဓုမခေါ်နိုင်ပေ၊
သာဓုမခေါ်နိုင်သဖြင့် ယင်းကုသိုလ်အတွက် ကောင်းကျိုးသုခ မ၇ရှိနိုင်ပေ။
ထို့အတူ လှူဖွယ်ဝတ္တုမှာ ရဟန်းသံဃာတော်များနှင့် မအပ်စပ်သော အကပ္ပိယအနာမာသ
ငွေကြေးဖြစ်နေလျှင်လည်း ကွယ်လွန်သူအနေဖြင့် ယင်းကုသိုလ်၏ အဖို့ဘာဂ
ကောင်းကျိုးသုခကို မရရှိနိုင်ပေ။
***သံဃိကဆွမ်းသွတ်နည်း***
...သို့ဖြစ်ရာ ကွယ်လွန်သူအား ရည်စူးကာ ဆွမ်းသွတ်အလှူပြုလုပ်ရာ၌
အလှူခံပုဂ္ဂိုလ်ကို သီလရှိ-မရှိ၊ သီလ၀န္တ ဟုတ်မဟုတ် မစိစစ်
မရွေးချယ်တတ်လျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်
မစိစစ်နိုင်လျှင်သော် လည်းကောင်း သံဃိကဒါနအဖြစ် ဆွမ်းသွတ်လှူဒါန်းခြင်းသည်
အသင့်လျော်ဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ ကွယ်လွန်သူအတွက်
ကျိန်းအသေဆုံးဖြစ်သည်။
...သံဃိကဒါနအဖြစ် ဆွမ်းသွတ်လှူဒါန်းပါက ဥဒ္ဒိဿိကသံဃိကဒါနဖြစ်အောင်
စိစစ်လှူဒါန်းသင့်သည်။ ဥဒ္ဒိဿိကသံဃိကဒါန ဆိုသည်မှာ
ကွယ်လွန်သူမည်သူမည်ဝါအတွက်ဟူ၍ ရည်ညွှန်းပေးလှူခြင်းဖြစ်သည်။
ဥဒ္ဒိဿိကသံဃိကဒါနမြောက်အောင် လှူဒါန်းနည်းမှာ လှူဒါန်းလိုသော ကျောင်းတိုက်မှ
အကြီးအမှူး နာယက ဆရာတော်အား *ကွယ်လွန်သူ(မည်သူမည်ဝါ)အတွက်
ဆွမ်းသွတ်အလှူဒါနပြုလုပ်လှူဒါန်းလိုပါသဖြင့် အရှင်ဘုရား၏ ကျောင်းတိုက်မှ
(သံဃာ့ကိုယ်စား) သံဃာတော်(ဘယ်နှစ်ပါး)ကြွရောက်ချီးမြှင့်
အလှူခံတော်မူပါဘုရား* ဟု ပင့်လျှောက် ရမည်။ ထိုအခါ ကျောင်းတိုက်ဆရာတော်က
သံဃာ့ကိုယ်စားညွှန်ကြားပေးသော သံဃာတော်ကို သံဃာဟူသော အမှတ်ဖြင့်
ရိုသေလေးစားစွာ လှူဒါန်းရမည်။
...အထက်ဖော်ပြပါ ပေတဒါနဆိုင်ရာ အချက်အလက်များမှာ မိဘများ၏
နောက်ဆုံးမျှော်လင့်ချက်ကို သားသမီးများက အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌
မသိမဖြစ် သိထားရမည့်အချက်များဖြစ်၍ ဤ၌ အတန်အသင့် ကျယ်ပြန့်စွာ
တင်ပြလိုက်ရခြင်းဖြစ်ပေသည်။
...ကွယ်လွန်သူအတွက်ပြုလုပ်သော ပေတဒါနကို တစ်ခါသာပြုလုပ်ခြင်းထက်
အကြိမ်များစွာပြုလုပ်ခြင်းက ပို၍ကောင်းမွန်ပေသည်။
ရဟန်းတော်များနှင့်အပ်စပ်သော လှူဖွယ်ပစ္စည်းတို့ကိုလည်း
ဖွယ်ဖွယ်ရာရာကြီးလှူနိုင်က လှူသင့်သည်။ ဆွမ်း.သင်္ကန်း.ကျောင်း.ဆေးဟူသော
ပစ္စည်းလေးပါးအနက် ကြီးကြီးကျယ်ကျယ်ကျောင်းကြီးများ
ဆောက်လုပ်လှူဒါန်းနိုင်ခြင်း မရှိလျှင် ဇရပ်.တည်းခိုနားနေစရာ
အဆောက်အအုံငယ်.ကမ္မဋ္ဌာန်းကျောင်းကလေးမျိုး စသည်ဖြင့် တတ်နိုင်သလို
ကြံဖန်လှူဒါန်း သင့်သည်။
...အချုပ်အားဖြင့်ဆိုရသော် မိဘများသက်ရှိထင်ရှားရှိနေစဉ်၌
အကြောင်းအမျိုးမျိုးကြောင့် ထင်သလောက် ကျေးဇူးမဆပ်နိုင်စေကာမူ ကွယ်လွန်ပြီး
နောက်၌ကား...
*ငါတို့ကွယ်လွန်ပြီးသောအခါ သားသမီးများက ငါတို့အားရည်စူး၍ ကုသိုလ်ကောင်းမှုပြုကာ ငါတို့အား အမျှအတန်း
ပေးဝေခြင်းဖြင့် ထောက်ပံ့မှုပြုကြလိမ့်မည်* ဟူသော ဘ၀တစ်ခုအတွက်
သားသမီးများထံမှ မိဘများရယူလိုသော နောက်ဆုံး မျှော်လင့်ချက်ကိုမူ
သားသမီးတိုင်းလေးစားစွာ လိုက်နာဆောင်ရွက်ပေးသင့်လှပါကြောင်း
စေတနာကောင်းဖြင့် ရေးသား တင်ပြ လိုက်ရပေသတည်း။
( မြတ်ပန်းဝေ ဘာသာရေး မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၃ )
ကျေးဇူးရှင်မိဘနှစ်ပါး၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်သော သားသမီးကောင်းများဖြစ်ကြပါစေ...