Thursday, July 18, 2013

Fwd : လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ ? ? ? ? ? အခန်း(၄)

            တစ်သက်လုံး သူများ ဝန်ထမ်းလုပ်မှာလား။ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မှာလား။
သိပ်ကောင်းတဲ့မေးခွန်းပေါ့။ လူတိုင်းကတော့ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မှာလို့ပဲ ဖြေကြပါလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင်စိတ်ဓါတ်နဲ့သာ လုပ်ဖို့လိုအပ်ပါတယ်။
လောကကြီးမှာ လူတန်းစားနှစ်မျိုးပဲ ရှိပါတယ်။ ခေါင်းဆောင်နဲ့ နောက်လိုက်ပါ။ လုပ်ငန်းခွင်ထဲမှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားပေါ့။ တစ်ချိန်ချိန်မှာ ကိုယ်က အလုပ်ရှင် ဖြစ်လာမယ့်သူဆိုရင် အခုကတည်းက အလုပ်ရှင်စိတ်ဓါတ်နဲ့ လုပ်သင့်ပါတယ်။ အလုပ်ရှင်စိတ်ဓါတ်ဆိုတာကတော့ မခိုင်းခင်ကတည်းက ကြိုတင်ပြီး အလုပ်ကို ရှာလုပ်မယ် လုပ်ငန်းခွင်မှာ ငွေအင်အား လူအင်အား အလဟဿ မဖြစ်အောင် ထိန်းသိမ်းမယ် ဒီလုပ်ငန်းဟာ ကိုယ့်ငွေနဲ့ ထူထောင်ထားသလိုသဘောထားပြီး လုပ်မယ် ဆိုတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
မောင်မောင်က ဒီလိုခံယူထားတယ်တဲ့။ “ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်ရင် နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် အရင်လုပ်သင့်တယ်။ လုပ်ငန်းရှင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လည်း အလုပ်သမားကောင်းတစ်ယောက် ဖြစ်အောင် အရင်ကြိုးစားရမှာပေါ့။ ဝဋ်ဆိုတာလည်တတ်တယ်လေ။ ကိုယ်ကိုယ်တိုင်က ဝန်ထမ်းကောင်းမဖြစ်ရင် ကိုယ်လုပ်ငန်းလုပ်တဲ့ အခါကျရင် ဝန်ထမ်းဆိုးတွေနဲ့ ပြန်တွေ့ရမှာ ကြောက်မိတယ်။ ဒါကြောင့် အလုပ်လုပ်ရင် ဒါသာ ငါ့ ကိုယ်ပိုင်အလုပ်ဆိုရင် ငါ ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်နဲ့ပဲ လုပ်ဖြစ်တယ်”
ဟုတ်ပါတယ်။ အလုပ်ရှင်စိတ်ဓါတ်နဲ့ လုပ်ရင် သေးသေးမွှားမွှား သူများ မမြင်တာ သူများ မတွေးမိတာတွေက အစ ကိုယ်က တွေးမိပါတယ်။ မျက်လုံးထဲမှာ ပေါ်လာပါတယ်။ ပိုကောင်းအောင်လုပ်လို့ရတဲ့ ထောင့်လေးတွေ တွေ့လာရပါတယ်။ ဒါဟာ လုပ်ငန်းခွင်ထဲမှာ လူကြီး ချစ်ဖို့နဲ့ ရာထူးတက်ဖို့ အများကြီး အထောက်ကူပြုတယ်လို့ ပြောရင် ယုံမလား မသိပါဘူး။ ကိုယ်ပိုင် လုပ်ငန်းလုပ်တဲ့အခါကျတော့လည်း အကျင့်ပါပြီးသားဖြစ်သွားတာပေါ့။ အဲ . . . . ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ အစီအစဉ်မရှိဘူးဆိုရင်တော့လည်း သင့်သဘောပါ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...