Thursday, July 11, 2013

ဘဝမှာအောင်မြင်ကြီးပွားချင်ရင် မိတ်ဆွေကောင်းကိုရှာပါ .....

ဘဝမှာအောင်မြင်ကြီးပွားချင်ရင် မိတ်ဆွေကောင်းကိုရှာပါ။


ကျွန်တော်တို့ ဘဝတစ်လျှောက်မှာ မိတ်ဆွေအပေါင်းအသင်းများစွာကို တွေ့ခဲ့၊ ကြုံခဲ့၊ ခင်မင်ရင်းနှီးခဲ့ကြတယ်။ အဲဒီအထဲမှာ မိတ်ဆွေစစ်တွေလည်း ပါချင်ပါမယ်။ မိတ်ဆွေတုတွေလည်း ပါချင်ပါမယ်။

ဒါပေမဲ့ လူငယ်ဘဝမှာ သူငယ်ချင်းမိတ်ဆွေတွေက လွှမ်းမိုးထားတတ်ကြပါတယ်။ ငယ်ရွယ်သူ လူငယ်တွေအတွက်ဆို အပေါင်းအသင်းက ပိုပြီးတော့တောင်မှ အရေးကြီးပါတယ်။ အပေါင်းသင်းကောင်းနဲ့ တွေ့မှာသာ ကောင်းမွန်တိုးတက်နိုင်မှာပါ။

ဥပမာပြောရရင် ကိုယ်ပေါင်းတဲ့ အပေါင်းအသင်းက “ဆေးလိပ်သောက်တာ မကောင်းဘူးကွ”ဆိုရင် ကိုယ့်အနေနဲ့ ဆေးလိပ်ကိုင်ဖို့ အလွန်ပဲခက်ခဲတတ်သလို၊ အပေါင်းအသင်းက “ဆေးလိပ်သောက်တာ ကောင်းလိုက်တာ” လို့ ညွှန်းနေရင်တော့ ကိုယ်တိုင်အတူတူပဲ ဆေးလိပ်သောက်ဖို့အတွက် အဖော်ဖြစ်သွားတတ်ပါတယ်။

အပေါင်းအသင်းဆိုတာက လူတစ်ယောက်အတွက် ကောင်းတာတွေကို ဖြစ်စေသလို၊ မကောင်တာတွေကိုလည်း ဖြစ်စေပါတယ်။ “အပေါင်းအသင်းကြောင့် ဂုဏ်တက်၊ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်” ဆိုတဲ့စကားလိုပါပဲ အပေါင်းအသင်းဟာ ဘ၀မှာ အလွန်အရေးကြီးပါတယ်။

တစ်ခါတလေ အကျင့်မကောင်းတဲ့ သူငယ်ချင်းနဲ့ ပေါင်းသင်းမိတဲ့အခါ ကိုယ်ဟာလဲ သူ့အကျင့်တွေထဲမှာ ပါသွားတတ်ကြတယ်။ “ပါပသ္မိံရမတိမနော၊ စိတ်ဟာမကောင်းမှုမှာ မွေ့လျော်တယ်” လို့ မြတ်ဗုဒ္ဓက ဆိုထားတာမို့ မကောင်းတာမှာ ပျော်ပါးတတ်တဲ့စိတ်က မကောင်းတဲ့သူနဲ့ပေါင်းပြီး မကောင်းတာလုပ်ဖို့ ဝန်လေးနေမှာမဟုတ်တာ အသေအချာပါ။

တချို့အပေါင်းသင်းတွေကြတော့ ကိုယ်ကအစစအရာရာ စေတနာတွေနဲ့ သူ့အပေါ်ကို မိတ်ဆွေစစ်လိုကောင်းပေမယ့် ကိုယ့်ကိုယ်ပြန်ပြီး မကောင်းကြံ၊ စေတနာမှန်ကို စော်ကားသွားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ သူတို့နဲ့ ပေါင်းသင်းနေမယ်ဆိုရင် နာမည်ပျက်ရတာတွေ၊ လူအထင်သေးခံရတာတွေ၊ မတူမတန်ဆက်ဆံခံရတာတွေ အများကြီးတွေ့နေရမှာ မလွဲပါဘူး။

ဒါ့အပြင် အပေါင်းသင်းမကောင်းလို့ စည်းစိမ်တွေပျက်ဖို့ကလည်း တကယ့်အလွယ်လေးပါပဲ။ တချို့ဆိုရင် ဘဝတွေတောင်မှ ပျက်ခဲ့ကြတာ ရှိခဲ့တယ်ဆိုတော့ အပေါင်းအသင်းဟာ ဘဝမှာ ပေါင်းသင်းဆက်ဆံတတ်ဖို့ရာ အထူးလိုအပ်လှပါတယ်။

ဒါကြောင့်လည်း အပေါင်းအသင်းကောင်းကို လူတိုင်းကလိုချင်ကြပြီး ရှာဖွေတတ်ကြတယ်။ တွေ့ဖို့ကတော့ အလွန်ပဲခက်ပါတယ်။ အပေါင်းအသင်းကောင်း ရဖို့အတွက် ဘာတွေလိုအပ်လဲလို့ တချို့ကလည်း မေးကြတယ်။ ကျွန်တော့်အမြင်ကတော့ “အပေါင်းသင်းကောင်းကို လိုချင်တဲ့လူဟာ ကိုယ်ကိုတိုင်က အပေါင်းအသင်းကောင်းဖြစ်မှသာ တွေ့ရမှာပါ” လို့ ပြောပါရစေ။

ပေါင်းသင်းရမဲ့ အပေါင်းအသင်းမိတ်ဆွေတွေကို ရှာဖွေဖို့အတွက် ဒီနေရမှာ မပေါင်းသင်းအပ်တဲ့ မိတ်ဆွေလေးမျိုးကိုဖေါ်ပြလိုက်ပါတယ်။

၁။ ယူသာယူတတ်သောမိတ်ဆွေ။
၂။ နှုတ်မျှ ဖြင့်သာလျှင် ပေးတတ်သောမိတ်ဆွေ။
၃။ အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သောမိတ်ဆွေ၊
၎။ ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သောမိတ်ဆွေ။
(ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၊ သိင်္ဂါလသုတ်)

ဒီမပေါင်းသင်းအပ်တဲ့ မိတ်ဆွေတွေကို ပေါင်းသင်းနေသမျှ ဘယ်တော့မှာ အောင်မြင်ကြီးပွား လိမ့်မည်မဟုတ်ပါ။ ကြီးပွားနေကြတယ်ဆိုရင်လည်း ခဏတာပဲဖြစ်မှာပါ။ ဒီလိုလူမျိုးတွေနဲ့ မပေါင်းသင်းရခြင်းကလည်း မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလား။

ကျွန်တော့်သူငယ်ချင်းတွေလည်း ဘဝမှာအောင်မြင်ကြီးပွားချင်တယ်ဆိုရင် မပေါင်းသင့်တဲ့ မိတ်ဆွေတုတွေကို ရှောင်ရှားကြဖို့ လိုအပ်သလို အပေါင်အသင်းကောင်းတွေနဲ့ တွေဆုံဖို့လည်း အလွန်လိုအပ်လှတာမို့ မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ….
Fwd : လင်းမြတ်(ပန်းတောင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...