Thursday, July 11, 2013

"ကိုယ်ဘယ်လိုလူမျိုးလဲ" ....

"ကိုယ်ဘယ်လိုလူမျိုးလဲ"
စီမံခန့်ခွဲမှုပညာရပ်အမြင့်ပိုင်းတွေကို တော်တော်များများက စိတ်ဝင်တစားရှိကြပေမယ့်၊ ကိုယ့်ကိုယ် ကိုဦးဆုံးဆန်းစစ်ဖို့ကို မေ့နေတတ်ကြတာသတိထားမိတယ်။ ရိုးစင်းလွန်းလို့ ကျော်သွားတာဖြစ်နိုင်ပါတယ်။ ပထမဦးဆုံးက ကိုယ့်အကြောင်းကိုပကတိအမြင်နဲ့သိရှိဖို့ကပိုပြီး အရေးကြီးပါတယ်။ Self Analyzing လုပ်တယ် လို့ခေါ်တယ်။ တချို့ကဘာကိုတွေ့တွေ့ အကောင်းမမြင်တတ်ကြဘူး။ တချို့ကျတော့လည်း ဘာသာရေး ရှုထောင့်ကကြည့်ပြီး အကောင်းတွေချည်း မြင်လေ့ရှိတတ်ကြတယ်။

အကောင်းမြင်ဝါဒသမား

တချို့ကအရာအားလုံးကို အကောင်းချည်းရှုထောင့်က မြင်တတ်ကြတယ်။ ခွင့်လွှတ်စိတ်လည်း ကြီးမားကြတယ်။ အားလုံးကို ကိုယ့်လိုပဲ အကောင်းလို့လည်းယူဆတတ်ကြတယ်။ ယေဘုယျသဘောအားဖြင့် အကောင်းမြင်မှုဟာ လက်ခံရမယ့်အရာဖြစ်ပါတယ်။ မဇ္ဈိမပဋိပဒါသဘောနဲ့ပြောရရင် အကောင်းမမြင်လွန်း ဖို့ပဲလိုပါတယ်။ ဖန်ခွက်ထဲရေတစ်ဝက်ရှိနေတာမျိုးကိုဘာလို့ ရေတစ်ဝက်ပဲရှိရတာလဲဆိုတဲ့ အဆိုးမြင်မှုထက် စာရင် ““ဖန်ခွက်ထဲမှာ ရေတစ်ဝက်တောင်ရှိနေသေးတာပဲ”” ဆိုတဲ့အကောင်းမြင်မှုကတော့ လက်ခံရမှာ ဖြစ်ပါတယ်။ သီအိုရီဆန်ဆန်၊ အများဖတ်ကောင်း၊ ကြားကောင်းအောင် ရေးရ၊ပြောရမယ်ဆိုရင်တော့ အကောင်းမြင်ဝါဒသမားဟာ ကောင်းပါတယ်။ အကောင်းမမြင်လွန်းဖို့ပဲ လိုတယ်လို့ သုံးသပ်ချင်ပါတယ်။ အကောင်းမြင်လွန်းရင် တုံ့နှေးတတ်တယ်၊ ခရီးကြာတတ်တဲ့ သဘောရှိတယ်။ ရလဒ်မပြည့်မီတတ်ဘူးဆိုတာ နဲ့လည်း တွဲဖက်ပြီး သတိချပ်စေလိုပါတယ်။

အဆိုးမြင်ဝါဒသမား

အဆိုးမြင်လွန်းတာကတော့ လက်ခံနိုင်စရာမရှိပါဘူး။ ဘယ်လောက်ကောင်းတာတွေ တွေ့နေ တွေ့ နေ၊ ရနေရနေအလိုမပြည့်တတ်ကြတဲ့သူတွေပါ။ ကိုယ်ကသာအကောင်းမလုပ်နိုင်တာ၊ သူများလုပ်သမျှကို အဆိုးချည်း မြင်နေတတ်တဲ့ လူတန်းစားပါ။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့ လူတန်းစားဖြစ်သလို၊ လူ့အဖွဲ့အစည်းကို ဘာမှအကျိုးမပြုတဲ့လူတန်းစားလည်း ဖြစ်ပါတယ်။ အတ္တအကျိုးစီးပွားများလွန်းတဲ့လူတွေ၊ ကိုယ့်ကိုယ်ကိုလိုတာထက်ပိုပြီး အထင်ကြီးတတ်ကြတဲ့ လူတန်းစားတွေဖြစ်ပါတယ်။ ကိုယ်မပါရင်မပြီးဘူး လို့ထင်တတ်ကြပြီး၊ကိုယ်လုပ်မှအရာရောက်မယ်။ မှန်ကန်မယ်လို့ တစ်ဖက်စောင်းနင်း အထင်ရှိကြတဲ့လူမျိုး လည်းဖြစ်ပါတယ်။ တဖြည်းဖြည်း လူ့အသိုင်းအ၀န်းနဲ့ ဝေးကွာတတ်ပြီး၊ အသိုင်းအ၀န်းရဲ့ဖယ်ကြဉ်ခြင်းကိုလည်း ခံကြရတဲ့သူတွေဖြစ်ပါတယ်။ ခပ်ပြင်းပြင်းပြောရရင် စိတ်ရောဂါတစ်စုံတစ်ရာရှိနေတတ်တဲ့သူတွေလို့လည်း ဆိုနိုင်ပါတယ်။ လောလောဆယ်မြန်မာ့နိုင်ငံရေးလောကမှာ၊ စီးပွားရေးလောကမှာအတော်ကလေး အတွေ့ရများပါတယ်။ တခြားစီမံခန့်ခွဲရေးပညာရပ်တွေကို မလေ့လာခင်မှာ ကိုယ့်အနေနဲ့အရာရာကို အဆိုးချည်းမြင်နေတတ်တဲ့သူဟုတ်-မဟုတ်လေ့လာဆန်းစစ်ကြည့်နိုင်ဖို့ အရေးကြီးပါတယ်။ အဆိုး မြင် အခြေခံစိတ်ဓာတ်ကို မဖယ်ရှားနိုင်သရွေ့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ အမှန်သုံးသပ်နိုင်ဖို့က အရေးအကြီးတကာ့ထဲက အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

ပကတိကိုပဲမြင်ပါစေ

ပကတိအရှိတရားကိုပဲ မှန်မှန်ကန်ကန်မြင်နိုင်ကြသူတွေ ဖြစ်စေချင်ပါတယ်။ အကောင်းမြင်လွန်းရင်၊ အဆိုးမြင်လွန်းရင် အောင်မြင်မှုနဲ့စကတည်းက ဝေးနေပြီလို့ သုံးသပ်နိုင်ပါတယ်။ သိန်း (၁၀၀) လိမ်ဖို့ လာတဲ့သူကို အကောင်းမြင်လွန်းရင် သိန်း (၁၀၀) ပါသွားမှာအသေအချာပါပဲ။ လိမ်ဖို့ လာတဲ့သူကို အရင်ဦးဆုံး အမှန်မြင်နိုင်ဖို့က အရေး ကြီးပါတယ်။ ပြီးတော့မှ ကိုယ့်အမျိုးဖြစ်နေရင် (၁၀) သိန်းပဲပေးလိုက်ပါ။ သိန်း (၉၀) သက်သာသွားမယ့်အပြင် မိတ်လည်းပျက်တော့မှာ မဟုတ်ပါဘူး။ အကောင်းမြင်လွန်းတာကရော၊ အဆိုးမြင် လွန်းတာကရော အဆုံးအဖြတ်ကို (၁၀၀%) မှား စေတဲ့အမြင်တွေပါ၊ အရှိသဘောကို အရှိသဘောပဲ ပကတိမြင်ပါ။ ပြီးမှဆုံးဖြတ်ပါ။ အဲဒီအဆုံးအဖြတ်ဟာ (၁၀၀%) ပြည့်မှားတဲ့ အဆုံးအဖြတ် မဟုတ်တော့ပါဘူး။
တချို့က ကိုယ့်ကိုအခွင့်အလမ်းပေးဖို့ လာတာတွေလည်း ရှိတတ်ပါတယ်။ အဆိုးမြင်လွန်းတဲ့သူက အဲဒီလူမျိုးကို ငြင်းပယ်တတ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် လူတော်တွေ အများစုက မဖားတတ်ကြပါဘူး။ လိုက်လိုက်လျောလျောမနေတတ်လို့ အဆိုးမြင်နေရင် အဲဒီလူက ကိုယ့်ဆီက ထွက်သွားမှာပါ။ တစ်ချိန်က Food Centre ကုမ္ပဏီ မှာ အင်မတန်တော်တဲ့ Lee Iaacocca ဆိုတဲ့ CEO တစ်ယောက်ရှိပါတယ်။ သူ့အရည် အချင်းက သူ့ ကိုကျော်စောမှုဖြစ်စေခဲ့ပါတယ်။ အဲဒီအပေါ်မှာ အဆိုးအမြင်ရှိတဲ့ Jr.Ford က အလုပ်ထုတ်ခဲ့လို့၊ လူတော်တစ်ဦးဆုံးရှုံးခဲ့ရဖူးတယ်။ ပြိုင်ဘက် Chrysler Motor ကုမ္ပဏီမှာ CEO သွားလုပ်ပြီး Ford ကိုပြန်ပြီး ပြိုင်ဆိုင်ခဲ့တာကြောင့် စီးပွားရေးအရ Ford များစွာနစ်နာခဲ့ရပါတယ်။ ကိုယ့်ကို အလုပ် အကျွေးပြုနေတဲ့ လူတော်တစ်ဦးအပေါ်အဆိုးမြင်ခဲ့တာကြောင့် ပြိုင်ဘက်တစ်ဦးအဖြစ် ပြောင်းသွားခဲ့ခြင်းဟာ ဘယ်လောက် နစ်နာမှုရှိစေခဲ့သလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါကြောင့် ပကတိအရှိတရားကိုပဲ အမှန်မြင်နိုင် တဲ့သူဖြစ်စေလိုပါတယ်။

အမှီလွန်သူများ

Passive ဆိုတဲ့ ဝေါဟာရဟာ သူများကို မှီလွန်းတာကိုကိုယ်စားပြုပါတယ်။ ကမ္ဘာ့ဘီလီယံနာ သူဌေးကြီး ရူးပတ်မားဒေါ့ရဲ့သားဟာ အဖေ ဘယ်လောက်ပဲချမ်းသာချမ်းသာ၊ အရွယ်ရောက်တာနဲ့ သူ့ခြေထောက်ပေါ်ရပ်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သားသမီးတွေဟာ အရွယ်လွန်တဲ့အထိ မိဘတွေအပေါ်ဆက်ပြီး မှီနေကြဆဲကို တွေ့နေရပါတယ်။ မိဘတွေကမြေးတွေရတဲ့အထိ သားသမီးတွေကိုဆက်ပြီး ထောက်ပံ့နေရ တယ်။ အတော်ရှက်စရာကောင်းလှပါတယ်။ သူများအပေါ်အမှီလွန်တဲ့သူတွေဟာ တိုးတက်မှုရှိတတ် ကြသူတွေမဟုတ်ပါဘူး။
Supervisor, Manager အဆင့်ရောက်ကြပြီဆိုရင် အပေါ်က ညွှန်ကြားချက်ကို စောင့်မနေဘဲ ကိုယ် Initiative နဲ့ ဖြစ်သင့်တာတွေကို လုပ်ဆောင်သင့်ပါတယ်။ တော်တော်များများကအပေါ်က ညွှန်ကြားချက်ကိုပဲ စောင့်မျှော်တတ်ကြပါတယ်။ မှီတဲ့သဘာဝထဲကတစ်ခုဖြစ်ပါတယ်။
တက်ကြွသူများ၊ တုံ့ပြန်အားရှိသူများ
Active person လို့ သတ်မှတ်ပါတယ်။ ဘယ်အရာမဆို တက်တက်ကြွကြွ ဆောင်ရွက်လုပ်ကိုင်တတ် ကြသူတွေဖြစ်တယ်။ သူများကို မှီခိုမှု မလုပ်လိုတတ်ကြပါဘူး။ အမြဲတမ်းလေ့လာနေတတ်ကြပြီး အနာဂတ်ကို မျှော်လင့်နေတတ်ကြသူများဖြစ်ပါတယ်။ သူ့အလုပ် ကိုယ့်အလုပ် မခွဲခြားဘဲသူများကိုပါ တွဲခေါ်တတ်ကြသူများ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Reactive Oriented ဆိုတဲ့ သက်ရောက်မှုရှိမှ တုံ့ပြန်တတ်ကြသူ များပဲဖြစ်ပါတယ်။ တချို့အိမ်ထောင်ဦးစီးတွေဟာ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အာလာပသလာပ ပြောရင်း အရေမရ၊ အဖတ်မရအချိန်တွေကို ကုန်ဆုံးစေတတ်တာတွေ့ဖူးမှာပါ။ ဇနီးသည်က ဆန်အိုးထဲမှာ ဆန်မရှိတော့ ဘူး။ အလုပ်လေးဘာလေးလုပ်ပြီး ငွေရှာပါဦးပြောမှ အလုပ်ရှာတတ်ကြသူတွေကို Reactive Oriented ဖြစ်သူတွေလို့ သတ်မှတ်ကြပါတယ်။ တချို့ကျတော့လည်း နာနာကျည်းကျည်းပြောမှ မခံချင် စိတ်နဲ့ကြိုးစား တတ်ကြပြီး၊ အဲဒီလိုသက်ရောက်မှုတစ်ခုခုမရှိသမျှ ကာလပတ်လုံး ဘာမှမလုပ်ကြ၊ မကိုင်ကြသူများ ဖြစ် ကြပါတယ်။
ကိုယ့်အသိနဲ့ကိုယ်တက်ကြွကြသူများ
တချို့က သူများပြောတာမနှစ်သက်ကြပါဘူး။ ကိုယ့်အသိနဲ့ကိုယ် ကိုယ့်ဘ၀ကို ထုဆစ်လိုသူများ ဖြစ်ကြပါတယ်။ အဲဒီလိုလူမျိုးများကလည်း တက်ကြွသူများဖြစ်ပါတယ်။ "Proactive" ဖြစ်ကြသူများ လို့သတ်မှတ်တယ်။ Active နဲ့ ကွာခြားတာက Proactive သမားတွေက အသိဉာဏ်ပိုကြီးကြသူများ ပြဲဖစ်လေ့ရှိကြပါတယ်။ ကြီးမားတဲ့ အနာဂတ်ကို ကောင်းကောင်းထားနိုင်ကြပြီး၊ သူတို့ဘ၀တိုးတက် မြင့်မားရေး အတွက် အမြဲတမ်းကြံဆနေတတ်ကြသူများ၊ အမြဲတမ်း အရည်အသွေးဖြည့်ဆည်းနေတတ်ကြသူများ ဖြစ်လေ့ ရှိကြပါတယ်။ တချို့သားသမီးတွေ စာကြိုးစားဖို့ကို မိဘတွေက အမြဲတွန်းနေရပြီး၊ တချို့သားသမီးတွေကတော့ သူ့အသိစိတ်နဲ့သူ စာကြိုးစားကြတဲ့သူတွေကို တွေ့ဖူးမှာပါ။ တချို့ကျတော့လည်း ကျောင်းစာတွေအပြင်၊ အပြင်ဗဟုသုတရှာကြံဖို့ လေ့လာအားကောင်းကြတဲ့သူတွေရှိနေကြပါသေးတယ်။ ပညာပိုလိုချင်လို့ ငယ်ငယ်က အလုပ်တစ်ဖက်လုပ်ရင်း ရတဲ့ဝင်ငွေနဲ့ အပိုသင်တန်းတက်ကြတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလိုလူတွေက Proactiveသမားတွေဖြစ်ပါတယ်။ အဲဒီအရည်အချင်းရှိကြတဲ့လူတွေကလည်း ကြီးပွားတိုးတက်လေ့ရှိကြပါ တယ်။ ဘ၀တစ်လျှောက်လုံးမှာ သူများက ပြောစရာအနည်းဆုံးနဲ့ ကိုယ့်ဘ၀ကို ထုဆစ်သွားကြတဲ့ သူတွေဖြစ်ပါတယ်။

တီထွင်ကြံဆနိုင်ကြသူများ

အမြင့်မားဆုံး အရည်အသွေး ပိုင်ဆိုင်ကြသူတွေဖြစ်ပါတယ်။ Bill Gates တိှု့ Steve Jobs တို့ က ထင်ရှားတဲ့ဥပမာတွေဖြစ်ပါတယ်။ သူတို့ဟာ အလိုအလျောက် Proactive သမားတွေဖြစ်ကြတယ်။ ဒီထက် ပိုတဲ့ အရည်အသွေးက သူများစဉ်းစားကြသလိုမစဉ်းစားတတ်ကြပါဘူး။ လမ်းဟောင်းက ခွဲထွက်စဉ်းစား တတ်ကြသူ တွေ ဖြစ်လေ့ရှိကြတယ်။ အမြဲတမ်းထူးခြားတာတစ်ခုခု လုပ်ပြလိုသူတွေလည်း ဖြစ်ကြတယ်။ အထူးခြား ဆုံးကတော့ အနာဂတ်အမြင် အလွန်သန်စွမ်းကြသူတွေဖြစ်လေ့ရှိကြပါတယ်။ အဲဒီအနာဂတ် အမြင်သန်စွမ်းမှု က သူတို့တီထွင်ကြံဆနိုင်အောင် မောင်းနှင်လိုက်တဲ့ မဟာတွန်းအားပဲဖြစ်ပါတယ်။
ကွန်ပျူတာရဲ့ အသုံးဝင်မှုကို နက်နက်နဲနဲ သိသွားတဲ့ Bill Gates ဟာ တစ်ချိန်ချိန်မှာ စားပွဲတိုင်းပေါ်မှာ ကွန်ပျူတာရှိနေတဲ့ခေတ်ကို မလွဲမသွေရောက်မှာဆိုတဲ့ အနာဂတ်အမြင်ရှိမှုကြောင့် Software တွေကို တီထွင် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ Apple ရဲ့ အရှင်သခင်ကလည်း သူ့ထုတ်ကုန်တွေဟာ တခြားထုတ်ကုန်တွေထက် နည်းပညာသာလွန်ရမယ်။ အဲဒီလိုနည်းပညာသာလွန်မှ အနာဂတ်ထုတ်ကုန်တွေဟာ ယှဉ်ပြိုင်နိုင်စွမ်းအားရှိ မယ်ဆိုတဲ့ အနာဂတ်အမြင်ကြောင့် iPhone 5 တစ်လုံးရဲ့တန်ဖိုးက Samsung တစ်လုံးဈေးထက် (၂) ဆဖြစ်နေ ရခြင်း ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုပညာရပ်ဟာ အင်မတန်မှ ကျယ်ပြန့်တဲ့ဘာသာရပ်ဖြစ်ပါတယ်။ လိုက်လို့မဆုံးတဲ့အပြင် တီထွင်နိုင်ရင် တီထွင်နိုင်သလို သီအိုရီတွေ၊ သဘောတရားအသစ်တွေ ဟောကနဲ၊ ဟောကနဲထွက်လာနိုင်တဲ့ ဘာသာရပ်လည်း ဖြစ်ပါတယ်။ အဲဒီမြင့်မားတဲ့ စီမံခန့်ခွဲမှုတွေကို နိုင်နင်းကျွမ်းကျင်ဖို့အတွက် ကိုယ့်ကိုယ်ကို ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ ဦးဆုံးဝေဖန်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အကောင်းမြင်လွန်း၊ အဆိုးမြင် လွန်းနေရင် ရလဒ်ကောင်းထွက်အောင် ဆောင်ကြဉ်းနိုင်မယ့်သူမဟုတ်ဘူးဆိုတာ အခြေခံအရကို သိထားသင့် ပါတယ်။ အခု ဥပမာပေးခဲ့တဲ့ Bill Gates တိှု့ Steve Jobs တို့ရဲ့ သဘာဝကိုလေ့လာရင် အကောင်းမြင်လွန်း ခြင်း၊ အဆိုးမြင်လွန်းခြင်းမရှိတဲ့သူတွေဆိုတာ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ အခြေခံအရည်အချင်းဟာ ဖြစ်ပျက် နေမှုကိုအရှိသဘောအတိုင်း အမှန်မြင်နေနိုင်ကြတာကိုတွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကြီးပွားတိုးတက် လိုတယ်ဆိုရင် အရှိကို အရှိအတိုင်း ပကတိမြင်နိုင်ကြဖို့က အားလုံးထဲမှာ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။

Fwd : နေဇင်လတ်
(Credit to Jobseekers Journal)

-------------------------------------------------------------------------

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...