Sunday, March 17, 2013

လူတိုင်း လိုက်နာရမည့် ၀တ္တရားများ


…တစ်ခါက ရာဇဂြိုလ်ပြည်၌ အဖသင်္ဂါလ၊ သားသင်္ဂါလဟူ၍ နာမည်တူ သားအဖနှစ်ဦးရှိသည်။ အဖ သင်္ဂါလသည်  ဆွေစဉ်မျိုးဆက် ချမ်းသာသော သူဌေးတစ်ဦးဖြစ်သည်။ အဖသင်္ဂါလသည် သူ့သားကို အလွန်ချစ်သောကြောင့် လိမ်မာယဉ်ကျေးသော၊ ရတနာသုံးပါးကို ကြည်ညိုသော သားတစ်ယောက် ဖြစ်စေချင်သည်။ ငါကဲ့သို့ ဖခင်ကောင်း တစ်ယောက်ရှိပါလျှက်နှင့် သားဆိုးသားမိုက် မဖြစ်စေ လိုပါ။ ထို့ကြောင့် မြတ်စွာဘုရားကျောင်းသွားတိုင်း သွားတိုင်း ခေါ်သွား ပါသည်။
…သားဖြစ်သူသည် ဘုရား၊ တရား ကြည်ညိုလေးစားသူ မဟုတ်ပါ။ စိတ်ဝင်စားခြင်းလည်း မရှိပါ။ လူငယ်တို့ သဘာဝအတိုင်း မိဘတို့၏ဆုံးမစကားကိုလည်း အကောင်းမထင်ပါ။ မိဘထက် သူကပင် ပို၍တတ်သည်ဟု အထင်ကြီးနေသူဖြစ်သည်။ အဖသင်္ဂါလက သူဆုံးမ မရလျှင် မြတ်စွာဘုရား ဆုံးမလျှင် ရမည်ဟု ထင်သောကြောင့် မြတ်စွာဘုရားကျောင်းသို့ ချော့မော့ခေါ်သည်။
…သားဖြစ်သူက “ကျွန်တော် အဖေ့ ဆရာထံ မလိုက်လိုပါ။ ကျောင်းရောက်ပါက သူတို့ကို ရှိခိုးရမည်။ သူတို့ဟောသမျှကို စိတ်မ၀င်စားသော်လည်း အားနာပါးနာ နားထောင်ရမည်။ နောက်သူတို့က အလှူခံလိမ့်မည်။ ကျွန်တော့်လို သူဌေးသားတစ်ယောက်က သူတို့ကို ရှိမခိုးနိုင်ပါ”ဟု အကြောင်း အမျိုးမျိုးပြကာ ငြင်းဆန်နေသည်။
…ဤသို့ဖြင့် အဖသင်္ဂါလသည် သားအတွက် စိတ်မချနိုင်ပဲ သေဆုံးသွားလေသည်။ သားသင်္ဂါလသည် သူ့အဖေခေါင်းအုံးအောက်မှ စာတစ်စောင်ရရှိသည်။ ဖတ်ကြည့်ရာ…“ချစ်စွာသောသား… အဖေ့စကားကို နားထောင်ရစ်ပါ။ အရပ်ခြောက်မျက်နှာကို မမေ့ပါနှင့်၊ နံနက်တိုင်း စောစောထ၍ ရှိခိုးပါလေ။ ဤသို့ရှစ်ခိုးခြင်းဖြင့် သားအတွက်များစွာ အကျိုးဖြစ်ထွန်းပါလိမ့်မည်”ဟု အသက်ရှင်စဉ်က ဆုံးမ မရသောသားအတွက် စာရေးထားခဲ့သည်။
…ဤသို့ဖြင့် သင်္ဂါလသည် စာဖတ်ပြီးသောအခါ “ငါသည် ဖခင်က ဆုံးမစကားပြောသည်ကို ငါ့ကို ချုပ်ချယ်သည်ဟု အထင်လွဲခဲ့သည်။ ယခုမူ ငါ့ကို ဆုံးမစကားပြောမည့်သူ၊ နည်းပေးလမ်းပြ ပြုလုပ်ပေးမည့်သူ မရှိတော့ပေ။ ငါသည် ဖခင်စိတ်ဆင်းရဲအောင် ပြုမိလေခြင်း ဟု နောင်တကြီးစွာ ရရှိလေသည်။ ယနေ့မှစ၍ ဖခင်စကားကို နားထောင်ပါတော့မည်။ ဖခင်မှာကြားသည့်အတိုင်း ဆောင်ရွက်တော့မည်” ဟု နှလုံးသွင်းပြီး နေ့စဉ် နံနက်တိုင်း လမ်းမ ထွက်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက်အရပ် တို့ကို စောစော ထကာ ရေချိုးပြီး ရှိခိုးလေသည်။
…တစ်နေ့သောအခါ မြတ်စွာဘုရား ဆွမ်းခံကြွလာစဉ် သင်္ဂါလကို မြင်တွေ့သောကြောင့် “သင်…ဘာလုပ်နေသနည်း”ဟု မေးတော်မူသည်။
…သင်္ဂါလက “တပည့်တော်သည် ဖခင်မှာကြားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာကို ရှိခိုးနေပါသည်”ဟု လျှောက်သည်။
…မြတ်စွာဘုရားက “သင်သည် ဖခင်စကား နားထောင်ခြင်းသည် အလွန်ကောင်းမွန်လှသည်။ သို့သော်လည်း သင့်ဖခင်သည် ငါ၏တပည့်ဖြစ်သည်။ ဤသို့ရှိခိုးရန် ငါဘုရားသည် တခါမျှ မသင်ဘူးပါ”ဟု မိန့်တော်မူသည်။
…သင်္ဂါလသည် “ငါ ဤသို့ရှစ်ခိုးနေခြင်းသည် မှန်မှမှန်ပါ့မလား” ဟု သံသယ ၀င်လာသည်။ ဤရဟန်း ဂေါတမသည် ငါ့ဖခင်၏ ဆရာဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ ဖခင်မှာသော အရပ်ခြောက်မျက်နှာ ဆိုသည်မှာ ဤသို့မဟုတ်လျှင် တခြားအရပ်များ ရှိအုံးမည်ထင်သည်။ သူ၏ဆရာကို မေးကြည့်ပါက အဆင်ပြေမည်ထင်သောကြောင့် “အရှင်ဘုရား၊ ဖခင်မှာသော အရပ်ခြောက်ပါးအပြင် တခြားသော အရပ်များ ရှိပါသလားဘုရား” ဟု လျှောက်ပါသည်။
“ချစ်သား…သင်္ဂါလ…ငါ၏သာသနာတော်၌ ဤအရပ်ခြောက်ပါးအပြင် တခြားသောအရပ် ခြောက်ပါးလည်းရှိသည်။ မိဘကို အရှေ့အရပ်၊ ဆရာကို တောင်အရပ်၊ သားမယားကို အနောက်အရပ်၊ မိတ်ဆွေကို မြောက်အရပ်၊ လက်အောက်ငယ်သား တပည့်များကို အောက်အရပ်၊ ရဟန်းတော်များကို အထက်အရပ် ဟူ၍ ရှိပေသည်။”
…သင်္ဂါလက ထပ်မေးပါသည်။ “အရှင်ဘုရား…ထိုသူတို့ကို မည်သို့ ပူဇော်ရပါမည်နည်း”ဟု လျှောက်သည်။
“သင်္ဂါလ”
…မိဘတို့သည် မိမိတို့ သားသမီးတို့အပေါ်၌ ရှေးဦးစွာ ကျေးဇူးပြုတတ်သောကြောင့် အရှေ့အရပ် မည်သည်။ မိဘတို့သည် ငယ်စဉ်တောင်ကျေး ကလေးအရွယ်မှစ၍ နို့ချိုတိုက်ကျွေးခြင်း၊ အစားအစာ ရှာဖွေကျွေးမွေးခြင်း၊ နှပ်၊ တံတွေး၊ ကျင်ကြီး၊ ကျင်ငယ်စသော အညစ်ကြေးတို့ကို ရွံ့ရှာခြင်း မရှိပဲ အမွှေးနံသာကဲ့သို့ သဘောထားကာ သုတ်သင်ပေးခြင်း၊ အသက်မွေးမှုပညာများ သင်ကြားပေးခြင်း၊ အရွယ်ရောက်သောအခါ သူတစ်ကာထက် အောက်မကျအောင် ၀တ်စားဆင်ယင်စေခြင်း၊ မည်မျှပင် ဆိုးပေတေနေစေကာမူ အပြစ်မမြင်ပဲ ခွင့်လွတ်နိုင်ခြင်း၊ အရေးကြုံပါက မိမိအသက်ကို ပမာမထားပဲ ကာကွယ်စောင့်ရှောက်ခြင်း၊ သားသမီးတို့ထံမှ ဘာမျှ မမျှော်လင့်ခြင်း၊ ဒါကြောင့် မိဘတို့၏ ကျေးဇူး တို့သည် ပေးဆပ်၍ မကုန်နိုင်အောင် ကြီးမားလှသောကြောင့် အရှေ့အရပ်ဟု ခေါ်ထိုက်သည်။
…သားသမီးများကလည်း ယဉ်ကျေးသော သားသမီးများပီပီ ကျေးဇူးပြုသောအားဖြင့် သက်ကြီးရွယ်အို မိဘများကို အကြောင်းအမျိုးမျိုးပြကာ ပစ်ပယ်မထားပဲ၊ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ၊ ယုယုယယ၊ နွေးနွေးထွေးထွေး ပြုစုစောင့်ရှောက်သင့်လှပေသည်။ တချို့သော သားသမီးတို့သည်  အိုမင်း မစွမ်းသော မိဘများကို ဥပက္ခာပြုထားသောကြောင့် အထီးကျန်ဘ၀ဖြင့် နေရခြင်း လှည့်လည် တောင်းစားနေရခြင်းများရှိနေကြသည်။
…မိဘနှစ်ဦးအနက် တစ်ဦးဦး သေဆုံးပါက ကျန်သောမိဘကို နှစ်သိမ့်အားပေးရမည့်အစား မိဘထံမှ ကျန်သောပစ္စည်းကို အမွေအဖြစ် မရ-အရ တောင်းနေကြသောကြောင့် မိဘတို့မှာ မျက်ရည်စက်လက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲအဖြစ်နှင့် ၀မ်းနည်းဘွယ် ကြုံတွေ့ကြရသည်။
သားသမီးတို့ဝတ္တရား-ငါးပါး…
(၁) မိဘတို့ကို နွေးထွေးစွာ ကျွေးမွေး စောင့်ရှောက်ခြင်း၊
(၂) မိဘတို့၏ ဆောင်ရွက်ဖွယ်ကိစ္စတို့ကို ကူညီဆောင်ရွက်ပေးခြင်း၊
(၃) မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
(၄) မိဘတို့၏ အမွေဆက်ခံထိုက်ခြင်း၊
(၅) မိဘတို့ပြုခဲ့သော ကုသိုလ်ကောင်းမှုတို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊

မိဘ၀တ္တရား-ငါးပါး…
(၁) မကောင်းမှုပြုခြင်းမှ ရှောင်ကြဉ်ရန် ဆုံးမသွန်သင်ခြင်း၊
(၂) ကုသိုလ်ကောင်းမှုပြုရန် တိုက်တွန်းပေးခြင်း၊
(၃) အသက်မွေးမှုပညာ သင်ကြားပေးခြင်း၊
(၄) လိုအပ်ပါက အရင်းအနှီး ထုတ်ပေးခြင်း၊
(၅) ထိမ်းမြှားမင်္ဂလာ ပြုပေးခြင်း၊
…သားသမီးတို့သည် မိဘတို့၏ အကျင့်စရိုက်တို့ကို အတုယူကြသောကြောင့် မိဘက စည်းမဲ့ကမ်းမဲ့ နေလျှင် သားသမီးများသည်လည်း မိဘအတုယူကာ စည်းကမ်းမဲ့စွာ နေတတ်သည်။ ဖခင်ဖြစ်သူက အရက်သမားဖြစ်လျှင် သားလည်း အရက်သမားဖြစ်ရန် ရာနှုန်းပြည့် သေချာသည်။ အလောင်းကစား သမားဖြစ်လျှင်လည်း မိဘကို အတုယူကာ အလောင်းကစားသမား ဖြစ်နိုင်သည်။ ဒါကြောင့် မိဘတို့သည် လက်ဦးဆရာဖြစ်၍ အတုမြင်လျှင် အတတ်သင်ပြီး ဖြစ်နိုင်သည်။ မိဘတို့သည် သားသမီးတို့၏ လက်ဦးဆရာဖြစ်သောကြောင့် စံပြအဖြစ် ကိုယ်ကျင့်တရားကောင်းအောင် နေပြရမည် ဖြစ်သည်။
တပည့်ဝတ္တရား-ငါးပါး…
(၁) ဆရာလာလျှင် ခရီးဦးကြိုဆိုခြင်း၊
(၂) နေ့ညမပြတ် ဆည်းကပ်ခြင်း၊
(၃) သင်ကြားသမျှ လေးစားစွာ နာယူခြင်း၊
(၄) ဆုံးမသည်ကို နာယူခြင်း၊
(၅) ၀တ်ကြီး၊ ၀တ်ငယ်အသွယ်သွယ်ဖြင့် ပြုစုခြင်း၊
ဆရာဝတ္တရား-ငါးပါး…
(၁) လောကီ၊ လောကုတ္တရာကောင်းကျိုးအတွက် သွန်သင်ဆုံးမခြင်း၊
(၂) ရှင်းလင်းပြတ်သားစွာ သင်ပြခြင်း၊
(၃) ချိုသာသောစကားဖြင့် နားလည်အောင် ရှင်းပြခြင်း၊
(၄) စိတ်ရှည်ရှည်ထား၍ တတ်မြောက်အောင် သင်ပြခြင်း၊
(၅) ဘ၀ ရပ်တည်နိုင်သည်အထိ သင်ကြားပေးခြင်း၊

လင်ဝတ္တရား-ငါးပါး…
(၁) သာယာသော စကားကို ပြောဆိုတတ်ခြင်း၊
(၂) ရှာဖွေရရှိသော ပစ္စည်းဥစ္စာကို အပ်နှင်းခြင်း၊
(၃) မိမိအိမ်သူသက်ထားမှတပါး မဖောက်ပြန်ခြင်း၊
(၄) မိမိအခြေအနေနှင့် လိုက်ရောညီထွေ ၀တ်စားဆင်ယင်စေခြင်း၊
(၅) နိုင်လိုမင်းထက် နှိပ်စက်ညှင်းပန်းမှု မပြုခြင်း၊

မယားဝတ္တရား-ငါးပါး…
(၁) အိမ်မှုကိစ္စအ၀၀ကို ကျေပြွန်အောင် ဆောင်ရွက်ခြင်း၊
(၂) ရှာဖွေရရှိသော ပစ္စည်းဥစ္စာကို မလေလွင့်အောင် ထိန်းသိမ်းခြင်း၊
(၃) မိမိလင်မှတပါး တခြား ဖောက်ပြန်မှု မပြုခြင်း၊
(၄) မပျင်းတတ်ခြင်းနှင့် အိမ်လည်ခြင်းကို မပြုခြင်း၊
(၅) သူဆွေမျိုး၊ ကိုယ့်ဆွေမျိုး မခွဲခြားပဲ တစ်တန်းတည်း ပေါင်းသင်းဆက်ဆံခြင်း၊

မိတ်ဆွေ တစ်ဦးနှင့်တစ်ဦးထားရမည့် ၀တ္တရား…
(၁)​ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခြင်း၊
(၂) အရေးကြုံပါက ပစ်မထားပဲ ကူညီခြင်း၊
(၃) တစ်ဦးဦးက ဆင်းရဲသော် အဆင်ပြေသူက စောင့်ရှောက်ခြင်း၊
(၄) မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ တစ်ဦးနှင့်တစ်ဦး လေးစားခြင်း၊
(၅) ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် တတ်စွမ်းသမျှ တစ်ဦးကိုတစ်ဦး ကူညီခြင်း၊

အလုပ်သမားအပေါ်ထားရမည့် ၀တ္တရား…
(၁) အင်အားနှင့်မျှတသော အလုပ်ကို ခိုင်းစေခြင်း၊
(၂) နာမကျန်းဖြစ်ပါက စောင့်ရှောက်ခြင်း၊
(၃) လုပ်အားခကို မျှတစွာ ပေးခြင်း၊
(၄) အခါအားလျော်စွာ ဆုလာဒ်များပေးခြင်း၊
(၅) အားလပ်ရက်တို့၌ အားလပ်ခွင့်ပြုခြင်း၊

အလုပ်ရှင်အပေါ် အလုပ်သမားများ ထားရမည့်ဝတ္တရား…
(၁) ဆရာမရောက်ခင် ဦးစွာရောက်ခြင်း၊
(၂) ဆရာနောက်မှ ပြန်ခြင်း၊
(၃) ဆရာကို စောင့်ရှောက်ခြင်း၊
(၄) မခိုမကပ်စေတနာဖြင့် လုပ်ကိုင်ပေးခြင်း၊
(၅) အကောင်းဘက်မှ ရှုမြင်တတ်ခြင်း၊

တကာ တကာမတို့ လိုက်နာရမည့် ၀တ္တရား…
(၁) သံဃာတော်တို့၏ ဂုဏ်တော်ကို ပွားများခြင်း၊
(၂) သူတစ်ပါးကို လှူရန် တိုက်တွန်းခြင်း၊
(၃) ပစ္စည်းလေးပါးဖြင့် လှူဒါန်းထောက်ပံ့ခြင်း၊
(၄) အလှူခံကြွပါရန် လျှောက်ထားခြင်း၊
(၅) တရားအားထုတ်နိုင်ရန် မေတ္တာပို့ခြင်း၊

ရဟန်းတော်များ လိုက်နာရမည့် ၀တ္တရား…
(၁) မဂ်ဥာဏ် ဖိုလ်ဥာဏ် သိမြင်အောင် တရားအားထုတ်ခြင်း၊
(၂) သိပြီး တရားကို ဟောကြားခြင်း၊
(၃) မကောင်းမှု မပြုရန် ဆုံးမခြင်း၊
(၄) မေတ္တာဘာဝနာ ပွားများခြင်း၊
(၅) တရားတော်ကို သိမြင်သည်အထိ အားထုတ်အောင် တိုက်တွန်းနိုးဆော်ခြင်း၊
…မိမိကျရာ ၀တ္တရား အသီးသီးကို လိုက်နာပါက လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာများ မလွဲမသွေ ရမည်ဖြစ်သည်။ (သင်္ဂါလောဝါဒသုတ်မှ)
ဦးမြမောင်၊ မြရိပ်မြိုင်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၏                                                                                       “ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ”မှ ဖော်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...