Sunday, March 17, 2013

အရည်အသွေးနဲ့ အရေအတွက် (ခင်စောတင့်)


…ကျွန်မတို့ အရေအတွက် ခေတ်ကြီးမှာ နေနေကြပါတယ်။ ကျွန်မတို့ကို မီဒီယာတွေက ပို၍ ကြီးမားသော၊ ပို၍ လျင်မြန်သွက်လက်သော၊ ပို၍ များသောဆိုတာတွေက ပို၍ကောင်းသော ဆိုတာနဲ့ အဓိပ္ပာယ်အတူတူပဲ ဆိုတဲ့ အတွေးအခေါ် အယူအဆကို ပုံဖော်ပေးနေပါတယ်။ ကျွန်မတို့ အချိန်တွေ ပိုပြီး လိုအပ်တယ်။ ဥစ္စာပစ္စည်းတွေ အများကြီး လိုအပ်တယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာတွေ အများကြီးရမှ တကယ့်ကို ပျော်ရွှင်ကြရလိမ့်မယ်ဆိုတဲ့ အသိတွေကို ပတ်ဝန်းကျင်က ပေးနေပါတယ်။ အရည်အသွေး မြင့်မားတဲ့ အနည်းငယ်သော အရေအတွက် တစ်မျိုးမျိုးက နှစ်သက် ကျေနပ်မှုကို အမြဲတမ်း ပေးဝေပါတယ်။ ကျွန်မနှစ်သက်တဲ့ ချောကလက်ကလေး တစ်တုံး၊ ဒါမှမဟုတ် ခြံထဲက ထွက်တဲ့ သစ်သီးလေး တစ်စိတ်ကို စားရတာက ကိုယ်မနှစ်သက်တဲ့ စားစရာ တစ်ဗူးလုံး စားရတာထက် ပိုပြီး နှစ်သက်ဖွယ်ကောင်းပါတယ်။
…အဲဒီလိုပါပဲ။ ပြီးပြည့်စုံတဲ့ အတွေ့အကြုံတစ်ခုက ဘာမှ အနှစ်သာရ မပါတဲ့အချိန်တွေ အများကြီးပါဝင်တဲ့ အတွေ့အကြုံတွေကို လွှမ်းမိုးသွားမြဲ ဖြစ်ပါတယ်။ မိမိနဲ့ အတွေးအခေါ်၊ သဘောထားချင်း မတူညီတဲ့ လူတွေနဲ့ နာရီများစွာ ကုန်လွန်ခြင်းထက် မိမိချစ်ခင်လေးစားရသူနဲ့ ဆယ်မိနစ်လောက် အချိန်ကုန်လွန်ရတဲ့ တန်ဖိုးက ကွာခြားပါတယ်။ Quantity of Time အချိန်တွေ အများကြီးက အရေးမပါပါဘူး။ အချိန်တိုင်းကို အရည်အသွေး ပြည့်ပြည့်၀၀ အသုံးချခြင်းကသာ အရေးကြီးပါတယ်။ မိနစ်တိုင်းဟာ မိမိကိုယ်နဲ့ တစ်ပါးသူများကို ချစ်ခင်ဖို့၊ ယုံကြည်မှုနဲ့ မိမိကိုယ်ကို လေးစားမှုရအောင် တည်ဆောက်ဖို့နဲ့ သတ္တိကို ပြသဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။
…နောက်ဆုံးအနေနဲ့ အရည်အသွေးက ဘ၀ကို ပိုပြီး ချိုမြသာယာအောင် ဖန်တီးပေးပါလိမ့်မယ်။ အရည်အသွေးအပေါ်မှာ အာရုံစူးစိုက်နေသွားမယ်ဆိုရင် စာဖတ်သူရဲ့ ဘ၀အတွေ့အကြုံတွေက လေးနက်ပြီး အရာရောက်မှာပါပဲ။ ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ ပြည့်ဝတဲ့ ဟင်းတစ်ခွက်က စာဖတ်သူကို မြင့်မားတဲ့အဆင့်တွေနဲ့ ကျေးဇူးပြုပါလိမ့်မယ်။ သဘာဝမြေသြဇာနဲ့ စိုက်ပျိုးထားတဲ့ အသီးအနှံဆိုရင် ပိုပြီး သင့်မြတ်သလို မြေကြီးကိုလည်း အာဟာရဖြစ်ထွန်းစေပါသေးတယ်။ အဲဒီနည်းတူ နာရီအနည်းငယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းက တစ်ညလုံး မကြာခဏ နိုးနေခြင်းထက် ပိုပြီး လန်းဆန်းကြည်လင်နေပါလိမ့်မယ်။
…ချစ်ခင်သူနဲ့ မိသားစု၊ အလုပ်နဲ့ လူမှုရေးကိစ္စများရဲ့ အရေးကြီးတဲ့ အသေးစိတ်ကိစ္စများကို ဆွေးနွေး ပြောပြဖို့ မိနစ်အနည်းငယ် အချိန်ပေးခြင်းက တီဗွီကို နှစ်နာရီလောက် အတူတူကြည့်ရှုခြင်းထက် ပိုပြီး အဓိပ္ပာယ်သက်ရောက်မှု ရှိပါတယ်။
…ကျွန်မက အဖေ့ရဲ့ Life Style ကို အားကျ အတုယူခဲ့ပါတယ်။ အစားအသောက်၊ အနေအထိုင်မှာ  အရည်အသွေးမီအောင် နေထိုင်ခဲ့ပါတယ်။ အာဟာရအပြည့်ပါတဲ့ ထမင်းဟင်းကို အသင့်အတင့် ချိန်ဆပြီး စားပါတယ်။ ထမင်းကို အတိုင်းအဆထက် ပိုပြီး ထည့်ပေးလို့ မရပါဘူး။ သစ်သီးတစ်ခုခု စားပါတယ်။ အချိန်မဖြုန်းပါဘူး။ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါတယ်။ ငယ်ငယ်က မြင်းစီး ပါတယ်။ နောက်ပိုင်းမှာ ခြံကို ကိုယ်တိုင်ရှင်းပါတယ်။ အဖေ့မှာ ရောဂါ ကြီးကြီးမားမား မရှိခဲ့ပါဘူး။
…အခုအခါမှာတော့ ဆရာတော် ဦးဇောတိကရဲ့ Life Style ကို အားကျ အတုယူရပါတယ်။ ဆရာတော်က အစားအသောက် အနေအထိုင်ကို  ဂရုစိုက်ပါတယ်။ ရိုးရိုးပဲ နေပါတယ်။ မနက်တိုင်း လမ်းလျှောက်ပါတယ်။ နေပူပူ မိုးရွာရွာပါပဲ။ အချိန်ဟာ အသက်ပဲလို့ အမြဲမိန့်လေ့ရှိပါတယ်။ သဘာဝ ရေမြေ တောတောင်တွေကို တန်ဖိုးထားပါတယ်။ ပစ္စည်းများများ ထားတော်မမူပါဘူး။
…စိတ်ထားနဲ့ အနေအထိုင်မှာ စံပြထားတာက ယောဆရာတော်ဘုရား ဖြစ်ပါတယ်။ လာပြီး ဖူးသမျှ ဒကာ၊ ဒကာမတွေအပေါ်မှာ အယုတ် အလတ် အမြတ် မရွေး ဆက်ဆံတတ်ပါတယ်။ ရွှင်ရွှင်ပြပြ ပြောဆိုတတ်ပါတယ်။ သက်သက်လွတ်သာ ဘုဉ်းပေးပါတယ်။ ဘယ်အခါကြည့်လိုက်ကြည့်လိုက် စာဖတ် စာရေး လုပ်နေတာပဲ တွေ့ရပါတယ်။ တရားပွဲလာပင့်ရင်လည်း ဘုန်းကြီးအိုကြီးကို ချော့လိုက် ခြောက်လိုက် လာလုပ်ကြတာပဲနော်လို့ ပြောရင်းကပဲ လက်ခံလိုက်တာပါပဲ။ အင်မတန် ပင်ပန်းရှာ ပါတယ်။ ဘာကိုမှ တက်မက်တွယ်တာမှု မရှိပါဘူး။ ရသမျှပစ္စည်း အကုန်ပြန်ပြီး လှူပစ်တော်မူတာပါပဲ။
…ကျွန်မရဲ့ ပင်ကိုယ်စရိုက်က ရိုးရိုးအေးအေးသာနေချင်ပြီး​ ပလွှား ၀င့်ဝါတာကို မနှစ်သက်ပါဘူး။ အသင့်အတင့် စားသောက်၊ သင့်တော်ရုံ ၀တ်စားပြီးသာ နေတတ်ပါတယ်။ စာရေးတာ အရှိန်ရလာတော့ လူသိနည်းနည်း များလာပါတယ်။ ပွဲလမ်းတွေမှာ မျက်နှာသိပ်မပြချင်ပါဘူး။ ခင်မင်ရင်းနှီးတဲ့သူတွေ ဖိတ်တဲ့ ပွဲလောက်သာ သွားပါတယ်။ တရားပွဲတွေမှာလည်း နောက်ဆုံးမှာသာ နေပြီး နာပါတယ်။ ဦးဇောတိကရဲ့ နာမည်ကျော်ကြားရတာ သိပ်ဒုက္ခများပါတယ်ဆိုတဲ့စကားကို အမြဲ ကြားယောင်ပြီး အရေအတွက်ထက် အရည်အသွေးကိုပဲ တန်ဖိုးထား အာရုံစူးစိုက်ပြီး နေသွားချင်ပါတယ်။
…မကြာခဏဆိုသလို အရေအတွက်များဖို့ အားထုတ်တဲ့နေရာမှာ အရည်အသွေးအပေါ်မှာ မိမိတို့ကိုယ် မိမိတို့ လှည့်ဖြားတတ်ကြပါတယ်။ တချို့နေရာတွေမှာတော့ အရေအတွက်က ကျွန်မတို့ရဲ့ ဘ၀တွေမှာ အရေးပါတဲ့အခန်းက ပါဝင်ပါတယ်။ မေတ္တာ၊ ကရုဏာတွေ ပေးဝေတာတွေ၊ လက်ကလေးကို ဆုပ်ကိုင် အားပေးလိုက်တာတွေ၊ ပခုံးလေးကို ချစ်ခင်စွာ ဖက်လိုက်တာတွေ၊ ဖေးကူတွဲခေါ်တာတွေဟာ အရည်အသွေးမြင့်မားတဲ့ အလျှံပယ် အရေအတွက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အမောပြေစေတဲ့ လှိုက်လှိုက်လှဲလှဲ အားပါးတရ အပြုံးကလေးနဲ့ အနှစ်သာရမပါတဲ့ အပြုံး အများကြီးနဲ့ တွေ့ရလို့ ရွေးချယ်ဖို့ ကြုံလာမယ်ဆိုရင် အရှေ့က အပြုံးကလေးတစ်ချက်ကိုပဲ မလွဲမသွေ ရွေးချယ်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောရရင် စာဖတ်သူ ဘယ်လောက် အသက်ရှည်တယ်၊ ဘာတွေ ပိုင်ဆိုင်တယ်၊ ဘာတွေ စွမ်းဆောင်ပြနိုင်တယ်ဆိုတာထက် အချိန်တိုင်း၊ အချိန်တိုင်း ဘယ်လို တန်ဖိုးရှိအောင်နေသလဲဆိုတာကိုသာ တွက်ဆကြည့်ဖို့ လိုအပ်ပါတယ် ။      ။

Be a  life Long or Short, its completeness depends on what it was Live for.
(David Starr Jordon)
“ဘ၀ဟာ ရှည်ချင် ရှည်၊ တိုချင် တိုပါစေ၊ ဘ၀ရဲ့ ပြီးပြည့်စုံခြင်းက ဘယ်လို ဘ၀နေနည်းနဲ့ နေသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်” ။

Ref: Quality Vs Quantity
ခင်စောတင့်
Weekly Eleven ဂျာနယ်၊ (၈.၃.၂၀၀၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...