Wednesday, March 13, 2013

Fwd: ရင့်ကျက်သော စိတ်နှင့် လူ့သဘာဝ .....


လူတစ်ယောက်ဖြစ်လာပြီး ဆိုရင် ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ မရနိုင်တာ အမှန်ပါပဲ။ လူအများစုဟာ  ကိုယ့်ကို လူတွေ အသိအမှတ်ပြုတာခံချင်တယ်။ အောင်မြင်ချင်တယ်။ ကောင်းတာတွေပဲ ဖြစ်ချင်တယ်။ ထင်ပေါ်ကျော်ကြားသူ ဖြစ်ချင်တယ်။ ဒါဟာ လူ့သဘာဝပါပဲ။ ဒီလို လူတွေ ကိုယ့်အတ္တတွေနဲ့ ကိုယ့်လိုပဲ အတ္တရှိသူတွေ တစ်ဦးနဲ့ တစ်ဦးကြား ဆက်ဆံရေးမှာ ဘယ်လို ထိန်းညှိပြီး  ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်အောင် ကြိုးစားနေကြလည်း ဆိုတာ စိတ်ဝင်စားစရာ တစ်ခုပါ။ တကယ်တော့ သူတို့ရဲ့ ဆက်ဆံရေးတွေကို ချောမွေ့စေတဲ့အရာဟာ လူတွေကိုယ်စီမှာ ရှိနေတဲ့  ရင့်ကျက်တဲ့ စိတ်ပါပဲ။  အကောင်းအဆိုး အမြဲဒွန်တွဲနေတဲ့ လောကမှာ အကောင်းကြီးပဲ ဖြစ်ချင်နေလို့ မရပါဘူး။

အဆိုးကိုလည်း ရင်ဆိုင်ပြီး အကောင်းဘက်ကို ဦးတည်နိုင်တဲ့ စိတ်မျိုး။ ခွင့်လွှတ်သည်းခံတတ်ပြီး။ မတူညီတဲ့ သဘောထားတွေကို လက်ခံတတ်တဲ့၊ ကိုယ့်အမှားကိုလည်း ကိုယ်မြင်ပြီး ပြုပြင်တတ်တဲ့ သဘောထားကြီးတဲ့ ရင့်ကျက်တဲ့ စိတ်မျိုးရှိမှသာ ရေရှည်မှာ တကယ်ပိုင်ဆိုင်ချင်တဲ့ ကောင်းမွန်တဲ့ ဘဝလမ်းကြောင်းကို ရောက်ရှိနိုင်မှာပါ။ ရင့်ကျက်တဲ့ စိတ်ဖြစ်ဖို့ ဘယ်လို လုပ်ရမလဲ။ ပထမ သိဖို့လိုပါတယ်။ သိတာကို သူများကို  ပြောပြဖို့လည်း နည်းနည်းပိုခက်ပါတယ်။ ကိုယ်တိုင် ကျင့်သုံးနိုင်ဖို့ အလွန်ကို ခက်ပါတယ်။ အပြောလွယ်ပြီး အကျင့် ခက်ပါတယ်။ ဒါကြောင့် ဒီစာကို ကျွန်မ သိဖို့ ကြိုးစားထားတာကို ပြန်ပြီးဝေမျှတဲ့ သဘောနဲ့ ရေးလိုက်တာပါ။

 ကျွန်မတို့ နေထိုင်ရာ လူမှုဝန်းကျင်ရဲ့ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးနဲ့  ပြုမူဆက်သွယ်မှုတို့မှာ ရင့်ကျက်မှုဟာ အရေးပါတဲ့ အကြောင်းအရာတစ်ရပ်လို့  ကျွန်မမြင်မိပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ဘဝအတွကကစပြီ်း၊ လူအသိုင်းအဝိုင်း တစ်ခုအတွက်သာမက နိုင်ငံတစ်ခုရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေ အရပ်ရပ်ရဲ့ တိုးတက်ပြောင်းလဲမှုဟာ ရင့်ကျက်သော စိတ်ဓာတ်နဲ့ အကျင့်စရိုက်အပေါ်မှာ အများကြီး တည်လို့နေပါတယ်။
ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ် သဟဇာတမဖြစ်တော့ဘူးလို့ ခံစားနေရပါသလား။ အမြဲတွဲနေတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်အဆင်မပြေ ဖြစ်နေပြီ။ အလုပ်မှာလည်း အဆင်မပြေမှုတွေနဲ့ ကြုံလာရပြီ။ ကိုယ့်ဘဝမှာ စိတ်တိုင်းမကျမှုတွေကို ခံစားနေရပြီဆိုရင် အရင်ဆုံးလုပ်သင့်တာက ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းစစ်တာပါပဲ။ ငါဘာတွေ မှားနေပြီလဲ ဆိုတာပါပဲ။ ဒီလို ပြန်ပြီး ဆန်းစစ်ရဲတဲ့ စိတ်ဟာ ရင့်ကျက်မှုရဲ့ ပထမအဆင့်ပါပဲ။

ရင့်ကျက်မှုဆိုတာ ဘဝမှ ကြုံလာတဲ့အရာမှန်သမျှကို တည်တည်ငြိမ်ငြိမ်နဲ့  ရင်ဆိုင် ကျော်လွှား နိုင်တာပါပဲ။ အောင်မြင်မှု၊ ရှုံးနှိမ့်မှု အားလုံးကို ဆိုလိုပါတယ်။ ဒါကြောင့် လူတစ်ယောက် ရင့်ကျက်မှု ရှိမရှိဆိုတာ သူ့ရဲ့ အပြုအမူ အပြောအဆို တွေက ဖော်ပြတယ်ဆိုတာ ကျွန်မတို့ သတိပြုမိနိုင်ပါတယ်။ရင့်ကျက်မှုလို့ပြောရင် တစ်ဦးချင်းရဲ့ ရင့်ကျက်မှုလည်း ပါဝင်သလို့ လူအဖွဲ့အစည်းတစ်ခုလုံးနဲ့လည်း ပြောလို့ရပါတယ်။
ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ ။ နေပျော်တဲ့ ဘဝ၊ တိုးတက်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက် ကိုယ့်ရဲ့ ရင့်ကျက်မှုက ဘယ်လောက်ရှိနေပြီလဲ။ ကိုယ့်ရဲ့ ရင့်ကျက်မှုကို ဘယ်လို ပြုစုပျိုးထောင်ယူမလဲဆိုတာ စဉ်းစားသင့်တဲ့ အရာလို့ ကျွန်မ ထင်မိပါတယ်။ Personality Development ဟာ ဘဝအတွက် အရေးပါတဲ အချက်တစ်ခုပါပဲ။ ဒါကြောင့် ရင့်ကျက်တဲ့ စိတ်ကို ပိုင်ဆိုင်ဖို့ ကိုယ့်စိတ်ကို ကိုယ် အမှန်အတိုင်း နားလည်ဖို့ အထူး အရေးကြီးတဲ့ အချက်ပါပဲ။
  
Gandhi's Truth  ဆိုတဲ့ စာအုပ်နဲ့ ပူလစ်စာဆုရရှိပြီး Childhood and Society , Identity: Youth and Crisis,Life History and the Historical Moment အစရှိတဲ့ စာအုပ်များကို ရေးသားခဲ့သူ ထင်ရှားတဲ့ psychoanalysis ပညာရှင် တစ်ယောက်ဖြစ်တဲ့ Erik Erikson ရဲ့ Psychosocial Stages Summary Chart မှာ လူဘဝသက်တမ်းတစ်လျှောက်ရဲ့ Psychosocial Development 
ဖြစ်စဉ် အဆင့်ဆင့်ကို အခုလို ရှင်းပြထားတာ တွေ့ရပါတယ်။ 
Stage Basic Conflict Important Events Outcome
Infancy (birth to 18 months) Trust vs. Mistrust Feeding Children develop a sense of trust when caregivers provide reliabilty, care, and affection. A lack of this will lead to mistrust.
Early Childhood (2 to 3 years) Autonomy vs. Shame and Doubt Toilet Training Children need to develop a sense of personal control over physical skills and a sense of independence. Success leads to feelings of autonomy, failure results in feelings of shame and doubt.
Preschool (3 to 5 years) Initiative vs. Guilt Exploration Children need to begin asserting control and power over the environment. Success in this stage leads to a sense of purpose. Children who try to exert too much power experience disapproval, resulting in a sense of guilt.
School Age (6 to 11 years) Industry vs. Inferiority School Children need to cope with new social and academic demands. Success leads to a sense of competence, while failure results in feelings of inferiority.
Adolescence (12 to 18 years) Identity vs. Role Confusion Social Relationships Teens need to develop a sense of self and personal identity. Success leads to an ability to stay true to yourself, while failure leads to role confusion and a weak sense of self.
Yound Adulthood (19 to 40 years) Intimacy vs. Isolation Relationships Young adults need to form intimate, loving relationships with other people. Success leads to strong relationships, while failure results in loneliness and isolation.
Middle Adulthood (40 to 65 years) Generativity vs. Stagnation Work and Parenthood Adults need to create or nurture things that will outlast them, often by having children or creating a positive change that benefits other people. Success leads to feelings of usefulness and accomplishment, while failure results in shallow involvement in the world.
Maturity(65 to death) Ego Integrity vs. Despair Reflection on Life Older adults need to look back on life and feel a sense of fulfillment. Success at this stage leads to feelings of wisdom, while failure results in regret, bitterness, and despair.
Refer:(http://psychology.about.com/library/bl_psychosocial_summary.htm)
အသက်အရွယ်နဲ့ အမျှ ဦးနှောက်ကလည်း ဖွံ့ဖြိုးလာသလို။ ရင့်ကျက်မှုကလည်း  ရေချိန်ကလည်းမြင့်လာသင့်ပါတယ်။ ဒါပေမယ့် လက်တွေ့လောကမှာ အသက်အရွယ်နဲ့ မျှတတဲ့ ရင့်ကျက်မှုဆိုတာ လူတိုင်းမှာတော့  မရှိနိုင်တာ တွေ့နိုင်တယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ရင့်ကျက်မှုကို သူ့အသက်တစ်ခုတည်းကို ကြည့်ပြီး ခန့်မှန်းလို့ မရနိုင်တာပေါ့။ ရင့်ကျက်မှု အဆင့်နဲ့ ဥာဏ်ရည် အဆင့်ဟာ အပြန်အလှန် အချိုးကျလို့ နေပါတယ်။ ဒီဇယားလေးကို ကြည့်ပြီး ကိုယ့်အသက်အရွယ်နဲ့ ကိုယ့်ရဲ့ရင့်ကျက်မှု အဆင့်ကို ချိန်ထိုးကြည့်လို့ရ သလို။ မရင့်ကျက်မှုတွေကိုလည်း ဘာကြောင့်ဆိုတာ၊ လိုအပ်ချက် က ဘာဆိုတာမျိုးကို စဉ်းစား အဖြေရှာကြည့်လို့ ရနိုင်ပါတယ်။

 စိတ်ဓာတ်ရင့်ကျက်တဲ့ သူတစ်ယောက်ဟာ လက်လွတ်စပယ် ပြောတာလုပ်တာထက် ဥာဏ်နဲ့ယှဉ်တဲ့ လုပ်ဆောင်မှုမျိုးကိုသာ လုပ်တော့မှာ ဖြစ်ပါတယ်။ အကောင်းအဖြစ်ဖြစ် အဆိုးဖြစ်ဖြစ် အသိစိတ်နဲ့ယှဉ်ပြီးတော့သာ လုပ်တာမျိုးကို ဆိုလိုတာပါ။ တချို့က ပတ်ဝန်းကျင်က မကောင်းဘူးလို့ သတ်မှတ်ထားပေမယ့် ကိုယ်လုပ်ချင်လို့ လုပ်တာမျိုးရှိပါတယ်။ ဒါပေမယ့် အကောင်း အဆိုး အကျိုးအပစ်ကို သူက သိပြီးသားပါ။ သတိရော အသိနဲ့ပါ လုပ်ချင်တာကို လုပ်တာမျိုးကို ဆိုလိုတာပါ။ ဒါကြောင့် လူဆိုးလို့ သတ်မှတ်ထားတဲ့ သူတွေမှာတောင် ရင့်ကျက်တဲ့ စိတ်ဓာတ်ရှိရင် ပြုပြင်ချင်တဲ့ အချိန်မှာ အလွယ်တကူ သူတို့ပြုပြင်ပြီး လူကောင်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လူတိုင်းဟာ စိတ်ဓာတ်ရင့်ကျက်ဖို့ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။


ကိုယ့်ကိုကိုယ် ရင့်ကျက်တဲ့ စိတ်ဓာတ်ရှိသူ ဟုတ်မဟုတ် သိဖို့အတွက် ..
  • ရုတ်တရက် မထင်မှတ်ဘဲ ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေကိုသင် ရင်ဆိုင်ဖြေရှင်းခဲ့ ပါသလား။
  • ကိုယ့်ပတ်ဝန်းကျင်က တခြားသူတွေရဲ့ စိတ်ကူးတွေ ၊ အကြံဥာဏ်တွေကို လေးလေးစားစား သဘောထားတတ်ပါသလား။
  • ကိုယ့်မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်စတဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျှောညီထွေ ဖြစ်အောင် နေတတ်တယ်လို့ ကိုယ့်ကိုကိုယ် ထင်ပါသလား။
  • စိတ်ဖိစီးမှုတွေကြားမှာ စိတ်လိုက်မာန်ပါ မဖြစ်ဘဲ ကောင်းကောင်း ကိုယ့်စိတ်ကို ထိန်းပြီး အောင်မြင်တဲ့ အထိ စွမ်းဆောင်နိုင်ပါသလား။
  • ကိုယ့်စိတ်ထဲကအတိုင်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆို နိုင်တဲ့ သူတွေ ကိုယ့်ဆီမှာ ဘယ်လောက်ရှိသလဲ။
  • ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆို မှန်သမျှကို တာဝန်ခံရဲတဲ့ စိတ်ရှိပါသလား။
  • ပြင်းထန်တဲ့ ခံစားချက်၊ ကြီးမားတဲ့ စိတ်ထိခိုက်မှု ၊ ဖြစ်ပေါ်လာတတ်တဲ့ မလိုမုန်းထားစိတ် စတဲ့ မကောင်းတဲ့ စိတ်နဲ့ အပြုအမူတွေ ပေါ်လာတတ်တဲ့အခါ၊ကြုံတွေတဲ့အခါ စိတ်လိုက် မာန်ပါမဖြစ်အောင် ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်နိုင်ပါသလား... ဆိုတာတွေကို သေချာပြန်လည် ဆန်းစစ်ကြည့်ပါ။



ရင့်ကျက်တဲ့စိတ်ရှိသူတစ်ယောက်ရဲ
့ စရိုက်လက္ခဏာတွေက ..
  • ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာကို သိပြီး ဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ သိရှိနားလည်တယ်။
  • အပြုအမူတစ်ခုကို မလုပ်ခင်မှာ အရင် တွေးလေ့ရှိပြီး လုပ်ဆောင်ရာမှာလည်း ကောင်းမွန်စွာ ကိုင်တွယ် ထိန်းသိမ်းနိုင်တယ်။ ဝေဖန်မှု၊ မတူညီတဲ့ အကြံဥာဏ်တွေကိုလည်း လက်ခံနိုင်တယ်။
  • ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး  ကိုယ့်ဘဝကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်တယ်။ ကိုယ့်ရဲ့ အပြုအမူတွေ မှန်သမျှကိုလည်း တာဝန်ခံ၊ တာဝန်ယူ နိုင်စွမ်းရှိတယ်။
  • စိတ်ရှည်တယ်။
  • အများနဲ့ ပေါင်းသင်းဆက်ဆံရာမှလည်း ကူညီဖေးမတတ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှု တွေကို လုပ်ဆောင်လေ့ရှိတယ်။
  • အခြားသူများရဲ့ စိတ်ခံစားမှုနဲ့ အခြေအနေအရပ်ရပ်တို့ကို ဂရုစိုက်တတ်တယ်။ လူတွေကို လေးစားချစ်ခင်တတ်တယ်။ နားထောင်တတ်ရပါမယ်။
  • ရိုးသားစွာ ပြုမူနေထိုင်တတ်ပြီး ကိုယ့်ပိုင် ယုံကြည်ချက် ရှိသူဖြစ်တယ်။
  • ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ပြီး မျှတစွာလုပ်ဆောင်နေထိုင် တတ်သူဖြစ်တယ်။
  • ခက်ခဲတဲ့ အခြေအနေမျိုးတွေကိုလည်း စိတ်ရှည်စွာ အောင်မြင်တဲ့အတိုင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းအားရှိသူ ဖြစ်ပါတယ် .. လို့ ဆိုပါတယ်။

လူတွေဟာ သူတို့ ဖြတ်သန်းလာရတဲ့ ဘဝတစ်ယောက် ကြုံတွေခဲ့ရတဲ့ အကြောင်းအရာတွေ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာတွေ အနည်းနဲ့ အများ ပါလာတတ်တာကြောင့်  ရာနှုန်းပြည့် ရင့်ကျက်သူဆိုတာ မရှိနိုင်ပါဘူး ။ ဒါပေမယ့် ကိုယ့်လက်ရှိ အခြေအနေကို အမှန်အတိုင်း လက်ခံပြီး ရင့်ကျက်မှုသူ ဖြစ်အောင်တော့ ကြိုးစားပြုပြင်လို့ ရပါတယ်။




ဘယ်လို လေ့ကျင့် ပြုပြင်ယူရမလဲ ဆိုရင်..
  • ဘဝဆိုတာ နတ်သမီး ပုံပြင်မဟုတ်သလို၊ ဆေးတောင်ဝှေးနဲ့ ထိလိုက်ရင် လိုတာ ဖြစ်တတ်တာမျိုးလည်း မရှိဘူးဆိုတာကို သဘောပေါက်ပြီး ဘယ်အရာမှ ကြိုးစား အားထုတ်မှု မရှိဘဲ ဖြစ်မလာဘူး ဆိုတာကို နားလည် သဘောပေါက်ပြီး ကိုယ့် ရည်မှန်းချက်ကို ရောက်အောင် မဆုတ်မနစ် ကြိုးစားပါ။
  • ကိုယ့်ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေ ပူပင်စရာတွေကို လက်ခံလိုက်ပါ။ ရှောင်လွှဲဖို့ ကြိုးစားရင် ဒါဟာ ခဏတာအတွက်ပဲ လွတ်မြောက်နိုင်မယ်ဆိုတာကို သိပြီး ရင်ဆိုင် ကျော်လွှားနိုင်ဖို့ ကြိုးစားပါ။
  • ကိုယ့်ရဲ့ မကောင်းတဲ့ အပြုအမူ၊ စိတ်ဓာတ်တွေကို နားလည်ဖော်ထုတ်နိုင်အောင် ကြိုးစားပါ။ သိအောင်လုပ်ပါ။ဒါမှ ကိုယ့်ကိုကိုယ် ထိန်းနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် နောင်တစ်ချိန်မှ ကိုယ့်ကိုကိုယ်တောင် မလေးစားနိုင်တော့တဲ့ အခြေအနေမျိုးကို ရောက်ရပါလိမ့်မယ်။
  • လောကကြီးက ပေးတဲ့ နာကျင်မှုတွေ၊ မသေချာမှုတွေ အကြောင်းကို လက်ခံထားလိုက်ပါ။ ဒါမှ မထင်မှတ်တာတွေ ကြုံလာရရင် ကြံ့ကြံ့ခံနိုင်မှာပါ။
  • ကိုယ့်အပြုအမူတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို တာဝန်ယူရင်ဆိုင်လိုက်ပါ။ အမှားထဲက သင်ခန်းစာယူတတ်ပြီး တာဝန်ယူတတ်တဲ့ အလေ့အထကို လည်း ကျင့်ယူပါ။
  •  ရှုံးနိမ့်မှုတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားပါ။ အောင်မြင်မှု ပြန်ယူနိုင်ဖို့လည်း ကြိုးစားပါ။ အောင်မြင်မှုကို ရယူဖို့ ကောင်းတဲ့ နည်းလမ်းနဲ့ ကြိုးစားတတ်ဖို့နဲ့ အများကိုလည်း အောင်မြင်အောင် ကူညီနိုင်တဲ့သူ ဖြစ်ပါစေ။
  • ကိုယ်ပိုင်ယုံကြည်ချက်တော့ ရှိပါစေ ဒါပေမယ့် ကြီးမားလှတဲ့ လောကမှာ အသိုင်းအဝန်းမရှိဘဲ နေထိုင်လို့ အဆင်မပြေနိုင်ဘူးဆိုတာကို နားလည် သဘောပေါက်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေ ဖြစ်အောင် နေတတ်အောင် ကြိုစားပါ.. လို့ဆိုထားပါတယ်။
ရင့်ကျက်တဲ့စိတ်ကို လေ့ကျင့်မွေးမြူဖို့ ဆိုရင် အပိုင်း နှစ်ပိုင်းရှိတာကို တွေ့နိုင်ပါတယ်။ တစ်ပိုင်းက မိမိကိုယ်ပိုင် စိတ်ကို ပြုပြင်ဖို့ ဖြစ်ပြီး နောက်တစ်ပိုင်းက လူမှုဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားရမယ့် အပိုင်း ဖြစ်ပါတယ်။




ကိုယ့်စိတ်ကို ကိုယ်သိဖို့ လေ့ကျင့်ရမယ့် အပိုင်းမှာ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ အသိ နဲ့ သတိ တရား လက်ကိုင်ထားရမယ်ဆိုတာ ရင့်ကျက်တဲ့သူ ဖြစ်ဖို့ မိန့်ကြားခဲ့တာပဲလို့ ကျွန်မတော့ ထင်မိပါတယ်။ ဒါကြောင့် တရားထိုင်ခြင်း ဒါမှမဟုတ် စိတ်တည်ငြိမ်စေတဲ့ လေ့ကျင့်ခန်းများကို လေ့ကျင့်ပေးရင် ရနိုင်ပါတယ်။



ကျန်တဲ့ နောက်တစ်ပိုင်းဖြစ်တဲ့ လူမှုဆက်ဆံရေးဆိုတဲ့ အပိုင်းပါ။
လူအသိုင်းအဝန်းမှာ အတူအကွနေ ထိုင်မှုတို့၊  ပေါင်းသင်းဆက်ဆံရေးတို့က အနုပညာဆန်ပါတယ်။ လူ့အတ္တတွေကို ညှိယူကြရတာလောက် သိမ်မွေ့တဲ့အရာ ရှိမယ်မထင်ဘူး။

နားလည်မှုဆိုတာ အဓိက သော့ချက်ပါပဲ။ အပြန်အလှန် နားလည်မှု နဲ့ မျှတနဲ့ ဆက်ဆံရေး ဖြစ်အောင် ထိန်းညှိရတာ သိပ်ကိုနူးညံ့ပြီး အရေးကြီးတဲ့ ပညာမို့ အနုပညာဖန်တီးမှု တစ်ခုလို့တောင် တင်စားချင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတို့၊ အတူတကွ နေထိုင်ဖို့တို့ဆိုရင် တစ်ယောက် သဘောထားကို တစ်ယောက်မြင်တတ်ရပါမယ်။ နားလည်ပေးနိုင်မှုနဲ့အတူ ယုံကြည်မှုကိုပါတည်ဆောက် ရပါ့လိမ့်မယ်။ မျှတတဲ့ ဆက်ဆံရေးဖြစ်ဖို့လည်း လိုပါမယ်။  တစ်ဘက်သက်ကြီးနိမ့်နေ မြင့်နေရင် ရေရှည်မှာ ဘယ်လိုမှ ရေရှည်ဆက်ဆံရေးမှာ အဆင်ပြေနိုင်မယ် မထင်ပါဘူး။ ကိုယ့်သူငယ်ချင်းမိတ်ဆွေ ၊ ကိုယ်နဲ့ အတူရှိနေသူရဲ့ စိတ်အခြေအနေကို သိတတ်၊ ဖတ်တတ်မှ  အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘယ်လို အပြုအမူမျိုးက သူတို့ကို အနှောက်အယှက်ဖြစ်စေတယ်။ စိတ်ထိခိုက်စေတယ် ဆိုတာမျိုးကိုလည်း သိတတ်နားလည်ထားရပါမယ်။

နောက်ပြီး အလိုက်သင့် နေထိုင်တတ်ဖို့ ကလည်း လိုအပ်ပါလိမ့်မယ်။ ကိုယ့်ဘက်က လိုက်ရောသင့်တာ လိုက်ရော တင်းသင့်တာတင်း လုပ်တတ်ဖို့ လိုပါလိမ့်မယ်။ တစ်ဘက်သက်မဆန်တဲ့ ဆက်ဆံရေးမျိုးကို ဖန်တီးတတ်ဖို့ လိုပါလိမ့်မယ်။ တစ်ဦးကို တစ်ဦး လေးစားမှုလည်း ရှိဖို့လိုပါလိမ့်မယ်
နောက်တစ်ချက်က ကိုယ်ချင်းစာတတ်ဖို့ လိုပါလိမ့်မယ်။ သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ အတွေးမျိုးကို တွေးတတ်ဖို့ လိုပါလိမ့်မယ်။ သူ့တစ်ပါးရဲ ပျော်ရွှင်မှုကို မျှဝေခံစားတတ်တဲ့သူဖြစ်ရင် သူတစ်ပါးကိုလည်း စိတ်ပျော်ရွှင်စေ သလို ကိုယ်တိုင်လည်း စိတ်ချမ်းသာစေတာမို့ အကောင်းမြင်ပြီး ချစ်တတ်မျက်စိနဲ့ ကြည့်တတ်တဲ့သူနှစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုခိုင်စေမယ်လို့ ထင်တယ်။
ဟန်ဆောင် ဆက်ဆံရေးမျိုးကို ပြောတာမဟုတ်ပါဘူး။ တစ်ခါတစ်ခါ ကိုယ်မကြိုက်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ချစ်တဲ့သူတွေ စိတ်ချမ်းသာဖို့ စိတ်ပါလက်ပါ အလိုက်သိ အလိုက်သင့်နေတတ်ရင် ရေရှည်ဆက်ဆံရေး အတွက် ကောင်းတယ်လို့ ထင်တာပါ။ ကိုယ့်မိသားစု၊ အိမ်သူအိမ်သားတွေနဲ့ ဆိုရင်လည်း အဲဒါကလည်း မိသားစုသာယာဖို့ အရေးအကြီးဆုံး ထည့်စဉ်းစား ရမယ့် အချက်လို့ ထင်တယ်လေ။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြည့်မယ်ဆိုရင် ထင်ရှားသူတွေ၊ ခေါင်းဆောင်ပိုင်းတွေ၊ အနုပညာရှင်တွေ စတဲ့ public icon ဖြစ်နေတဲ့ သူတွေကို ကြည့်ရင် ပိုသိသာထင်ရှားပါတယ်။ လူတော်တော်များများက ပုံမှန်အချိန်မှာ သူတို့ရဲ့  အလှအပ၊ အောင်မြင်မှု၊ ကျော်ကြားမှု၊ တန်ခိုးအာဏာတွေနဲ့ မသိသာပါပေမယ့် ပုံမှန်မဟုတ်တဲ့ အကျပ်အတည်း၊ အခက်အခဲနဲ့ ကြုံတဲ့ အခါပဲဖြစ်ဖြစ် ယှဉ်ပြိုင်မှုစတဲ့အရာတွေနဲ့ပဲ ကြုံရတာပဲဖြစ်ဖြစ်၊ မထင်မှတ်တဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ ယှဉ်ပြိုင်ခံရမှု စတဲ့ ပြောင်းလဲမှု တစ်ခုခု အဖြစ်အပျက် အတွေ့အကြုံတစ်ခုခု ကြုံလာတဲ့အခါ တုန့်ပြန်တဲ့ သူရဲ့ အပြုအမူ ၊ အမူအကျင့် တစ်ခုခုက သူ့ရဲ့ မရင့်ကျက်မှုကို လှစ်ဟ ပြလိုက်တာမျိုးကို တွေ့နိုင်ပါတယ်။

လူပြောများတဲ့ ကိစ္စတွေကို အစဖော်တာမျိုးမဟုတ်ပေမယ့် ဥပမာပြစရာအတွက် နည်းနည်း ထည့်ပြောရရင် ထက်ထက်မိုးဦးက သတင်းထောက်ကို ပါးရိုက်လိုက်တဲ့ ကိစ္စမျိုးတွေ၊ မော်ဒယ်မလေး တစ်ယောက်ရဲ့ ဒေါ်လာသောင်းချီဈေးဝယ်ထွက်နိုင်ကြောင်း၊ ရှူတင်သွားရင် ကားနှစ်စီးနဲ့ သွားကြောင်း စတဲ့ အင်တာဗျူးမှာ ကြွားဝါလိုက်တဲ့ကိစ္စမျိုး၊ နောက် နိုင်ငံရေးဆွေးနွေးကြတဲ့ ဖေ့ဘွတ်ပေါ်က စကားဝိုင်းတွေကို ပဲ ကြည့်မလား တစ်ယောက် အယူအဆကို တစ်ယောက် လေးစားစွာ ဆွေးနွေးဖို့ထက် ငါ့စကား နွားရ ငြင်းခုန်ရင် ဆဲဆိုတာတွေတောင် ပါလာကြတာ မျိုးတွေပေါ့။ မတူညီတဲ့ အယူအဆနဲ့ ဝေဖန်မှုကို မခံနိုင်တဲ့ မရင့်ကျက်တဲ့ စိတ်နဲ့ တုန့်ပြန်မှုတွေပါပဲ။  ကျွန်မတို့ မြန်မာပြည်တွင်းအစ နိုင်ငံတကာ ကမ္ဘာအနှံ့ ကြည့်လိုက်ရင်  လူတစ်ဦးတစ်ယောက်ကအစ အဖွဲ့အစည်းအလိုက် အသိုင်းအဝိုင်းအလိုက် မရင့်ကျက်မှုတွေနဲ့ ရင်ကျက်မှုတွေကို တွဲပြီး လူတိုင်းဆီမှာ၊ နေရာတိုင်းဆီမှာ တွေ့နေကြရတာပဲ အမြဲရင့်ကျက်နေတဲ့ သူဆိုတာ မရှိပါဘူး။ ပိုတာနဲ့ လျှော့တာပဲ ရှိမယ်ထင်ပါရဲ့။

ပြည့်စုံတဲ့ ရင့်ကျက်မှု ဆိုတာ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့်  လူတစ်ယောက်ဟာ အသက်ရွယ်ကြီးလာတာနဲ့အမျှ သူ့ရဲ့ ဥာဏ်ပညာပါ တိုးတက်လာကြောင်း သက်သေဖြစ်တဲ့ ရင့်ကျက်မှု တစ်စုံတစ်ရာကတော့ အမှန်တကယ်လိုအပ်ပါတယ်။ သူရဲ့ ရင့်ကျက်မှု အဆင့်က သူ့ဘဝ အဆင့်အတန်းကို ပုံဖော်သွားမှာပဲ ဖြစ်ပါတယ်။
ရင့်ကျက်တဲ့ လူတွေ အများစုပါဝင်တဲ့ လူအဖွဲ့ အစည်းဖြစ်မှ  ရင့်ကျက်တဲ့ အတွေးအခေါ်နဲ့လုပ်ဆောင်ချက်တွေ ရှိတဲ့ လူအဖွဲ့အစည်းဖြစ်မှာပါ။ ဒါကြောင့် လူတစ်ဦးချင်းစီရဲ့ ရင့်ကျက်မှု အဆင့်ဟာ တိုင်းပြည့်နဲ့လူမျိုးအတွက်လည်း အရေးပါလှပါတယ်။

တိုင်းပြည် တစ်ပြည်ရဲ့ နိုင်ငံရေးစနစ်အပြောင်းအလဲ ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး၊ စီးပွားရေးတိုးတက်မှု အခြေအနေ၊ လူမှုရေး တိုးတက်မှု အခြေအနေအရပ်ရပ်ဟာ အဲဒီတိုင်းပြည်က နိုင်ငံသားတွေရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ တိုက်ရိုက်အချိုးကျနေ ပါတယ်။ နိုင်ငံသားတို့ရဲ့ နိုင်ငံသားကောင်းပီသမှုထဲမှာ တိုင်းပြည်အတွက် တာဝန်သိတတ်မှု၊ မတူညီမှုကြားက ပူးပေါင်းဆောင်ရွက် တတ်မှု၊ ဥာဏ်ပညာပြည့်စုံမှု၊ ရင့်ကျက်တဲ့ အတွေးအခေါ်ရှိမှုတို့ ပါဝင်တာမို့ တစ်ဦးချင်းစီအတွက်ရော၊ နိုင်ငံနဲ့လူမျိုး တိုးတက်ရေး အတွက်ပါ ရင့်ကျက်မှုက အရေးပါလှပါတယ်။

ကျွန်မလည်း အသက်အရွယ်နဲ့ လိုက်တဲ့ တည်ငြိမ်ရင့်ကျက်မှု အပြည့်မရှိနိုင်တဲ့ သူတစ်ယောက်ထဲမှပါပါတယ်။ တည်ငြိမ်ရင့်ကျက်မှူဟာ လူ့ဘဝမှ လိုအပ်မှန်းတော့ သိပေမယ့် နေရာတိုင်းတော့ မရင့်ကျက်ချင်ဘူးရှင့်။ ကျွန်မ အတွက် ချွင်းချက်နေရာလေးတွေတော့ လိုချင်သေးတယ်။ ချစ်တဲ့သူအပေါ်၊ ရင်းနှီးတဲ့ သူငယ်ချင်း တွေအပေါ် မိဘအပေါ်မှာ တစ်ခါတစ်လေတော့  စိတ်ထဲရှိ ရှိတဲ့အတိုင်း ဆိုးချင် နွဲ့ချင်သေးတယ်။ အမြဲတမ်းတော့ ဘယ်ဟုတ်ပါ့မလဲနော်။ သူတို့ကို ကျွန်မ ချစ်လို့ ဆိုးတာဆိုတာ သူတို့နားလည်လောက်တဲ့ အတိုင်းအတာလေးအထိပဲပေါ့.. :D ။

စာဖတ်သူ အားလုံးလည်း ရင့်ကျက်သူ တစ်ယောက်အဖြစ် ဘဝကိုရင်ဆိုင်ဖြတ်သန်းနိုင်ပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...