Wednesday, March 20, 2013

"မျက်ရည်မကျခင် သိစေချင်” .......

  
    လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊ အချိန်အားဖြင့် ည (၁၁) နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင် တောင်သာမြို့၏ ကျက်သရေဆောင် သာသနာ့ မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီး အတွင်းမှ စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့အိပ်ရာ အသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ရုတ်တရက် မြင်းခွာသံများ ကြားလိုက်ရသဖြင့် စာရေးသူက အိပ်ရာမှထထိုင်ကာ နားကို အသာစွင့်ထား လိုက်မိသည်။ အချိန်မတော် မြင်းလှည်းဝင်လာပြီ ဆိုသည်နှင့် သွေးအလှူ ခံလာခြင်း ဆိုသည်ကိုတော့ တပ်အပ် သိလိုက်ပါပြီ။ တောင်သာမြို့လေးမှာ ခရိုင်ထဲတွင် ပါဝင် သောနယ်မြို့လေးတစ်မြို့သာ ဖြစ်သောကြောင့် လူသိတော့ သိပ်မများလှပါ။

    သို့သော် မြို့သူမြို့သားများ၏ စေတနာ၊ ကျောင်းသစ်ကျောင်း စာသင်တိုက်မှ ပဓာနနာယက ဆရာတော်နှင့် စာချ ဆရာတော်များ၏ မေတ္တာကြောင့် စာရေးသူကဲ့သို့ မန္တလေးမြို့ပေါ်မှာ ရှင်ဖြစ် သောစာသင်သား အချို့ပင် ဤကျောင်းတိုက်သို့ လာရောက် ပညာသင်ကြား ရသည်အထိ သူ့ အတိုင်းအတာနှင့် သူတော့ ထင်ရှားသောမြို့ တစ်မြို့ပင်။

   ရန်ကုန်၊ မန္တလေး ဆေးရုံကြီးများ ကဲ့သို့ ခေတ်မီပစ္စည်းများ အပြည့်အစုံ မရှိသေးသောကြောင့် တောင်သာမြို့နယ် ဆေးရုံမှာ သွေးလှူရှင် ရှိသော်လည်း သွေးများကို ကြိုတင်အလှူခံပြီး သိုမှီး သိမ်းဆည်းထားနိုင်စွမ်း မရှိပါ။ ထို့ကြောင့်လည်း သွေးလိုသော အရေးပေါ် လူနာ ရောက်လာသော အခါတွင်မှ ဦးရေများများ သွေးလှူလေ့ရှိသော စာရေးသူတို့ ကျောင်းတိုက်နှင့် မြို့နယ် မီးသတ် တပ်ဖွဲ
သို့ သွေးအလှူလာခံလေ့ ရှိသည်။

      ကျောင်းတိုက်မှ ၀ါတော်အကြီးဆုံး စာချ ဆရာတော်ဖြစ်သော ဆရာတော် ဦးနန္ဒောဘာသ၏ နည်းပေး လမ်းပြမှုကြောင့် စာရေးသူတို့သည်လည်း (၁၈) နှစ်သားအရွယ်မှ စတင် သွေးလှူခဲ့ရာ ယခုဆိုလျှင် အကြိမ်ပေါင်း (၃၉) ကြိမ် ရှိခဲ့လေပြီ။ သွေးလှူတတ်ရန် နည်းပေးလမ်းပြ အားပေး တိုက်တွန်းခဲ့သော ဆရာတော်၏ ကျေးဇူးကို ဘယ်သောအခါမှ မေ့နိုင်စွမ်းရှိမည် မဟုတ်ပါ။
ဆရာတော် ကိုယ်တိုင်လည်း အကြိမ် (၂၀) ကျော် သွေးလှူခဲ့ပြီး ကျန်းမာရေးကြောင့် နောက်ပိုင်း လှူခွင့်မရတော့ခြင်း ဖြစ်ကြောင်း သိရပါသည်။ နာရီဝက်ခန့် ရှိပြီဖြစ်သော်လည်း သွေးအလှူခံ လာသော မြင်းလှည်း ပြန်ထွက်သွားတာ မတွေ့ရသောကြောင့် သွေးအလှူရှင် မရသေးကြောင်းကို ထပ်ဆင့် သိလိုက်ရပြန်သည်။ သံဃာ (၇၀) ကျော်တွင် သွေးလှူနိုင်သော သံဃာ (၄၀) လောက် ရှိသောကြောင့် တစ်ပါးမဟုတ် တစ်ပါးတော့ ရရမည်ဟု စားရေးသူက တွက်ဆထားသည်။

    စာရေးသူ ချက်ချင်း ထမသွားခြင်းမှာ ပထမအကြိမ် လှူပြီးတာ လေးလ အတိအကျ မပြည့်သေးသောကြောင့်ပင်။ ကြာကြာ ၀ါးမည့်သွား အရိုးကြည့်ရှောင် ဟူသော စကားအတိုင်း အမြဲတမ်းသွေးလှူနေမည့် သူတစ်ယောက်အနေဖြင့် မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ရမည် ဆိုသည့် အသိတရားက လွှမ်းမိုးထားသောကြောင့်လည်း အခြား လေးလပြည့်ပြီးသူများကို မျှော်ကိုး၍ ချက်ချင်း ထမသွားခြင်းပါ။

သို့သော် နာရီဝက်ရှိသည်အထိ သွေးအလှူရှင် မရသေးဘူးဆိုတော့ လူနာအတွက် အသက် အန္တရာယ် စိုးရိမ်ရသည်။ ဒီလိုနေနေလို့ မဖြစ်တော့ ဟူသော အတွေးနှင့်အတူ စာရေးသူ ခြေလှမ်းများက ကျောင်းတံခါးပေါက်ဆီသို့ ဦးတည် လိုက်ပါသည်။ တံခါးပေါက်က ပွင့်နေပြီးသား၊ ဟုတ်တာပေါ့ ဆရာတော် ဦးနန္ဒောဘာသတော့ ခြောက်ဧကခန့် ကျယ်သော ကျောင်းတိုက် ၀င်းကြီးအတွင်း လှည့်ပတ်၍ သွေးလှူရှင် ရှာနေလောက်ပေပြီ။

ကျောင်းဆောင်ရှေ့အရောက်မှာပင် ကိုရင်ဣန္ဒ၀ံသကို အသင့်တွေ့လိုက်သည်နှင့်-
“ကိုရင်ဣန္ဒ၀ံသ သွေးလှူရှင် မရသေးဘူးတဲ့လား”
“မရတာမဟုတ်ဘူး သွေးလှူရှင် ကိုယ်တော်တွေက ဒီလူနာမျိုးကို သွေးမလှူချင်လို့ ရှာမရဖြစ်နေတာ”
“ဟာ……. ဘာဖြစ်လို့မလှူချင်ကြတာတဲ့လဲ”
“လူနာက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး ဆေးသောက်တာတဲ့၊ အဲဒါကြောင့် အသက် သေချင်လို့ သေကြောင်းကြံတဲ့လူနာကို အသက် ပြန်ရှင်အောင် လှူနေစရာ မလိုပါဘူးဆိုပြီး မလှူကြတာပေါ့”
“အဲဒီအယူအဆကို တပည့်တော် လက်မခံဘူး၊ အရှင်ဘုရားရော လက်ခံသလား ကိုရင်ဣန္ဒ၀ံသ”
“တပည့်တော်တော့ လက်ခံတယ်၊ ဒါကြောင့် တပည့်တော်လဲ လိုက်မလှူတာ”
“ဒါဆို အရှင်ဘုရားကို တစ်ခုမေးပါရစေ၊ တလောက ရပ်ကွက်ထဲ ရွှေပန်းတိမ် အိမ်တစ်အိမ်က လသားအရွယ် ကလေးလေး တစ်ယောက် ရွှေသန့်စင်တဲ့ ငရဲမီးတွေကို သောက်မိလို့ အသက်ဆုံးသွားရတယ်။ အဲဒီကလေးလေး သေသွားရတာ ငရဲမီးတွေ သောက်တဲ့ ကလေးရဲ့အပြစ်လား၊ ငရဲမီးကို ကလေးနဲ့ လွတ်ရာကျွတ်ရာမှာ မထားတဲ့ လူကြီး မိဘတွေရဲ့ အပြစ်လား”
“ကိုရင် ဇ၀နကလဲ ဒါကတော့ လူကြီးတွေရဲ့ အပြစ်ပေါ့ ဟိုလသား အရွယ်လေးကတော့ ဘာသိတာ မှတ်လို့”
“အဲဒါဆိုရင် အခုသေကြောင်းကြံတဲ့ လူနာကိစ္စမှာလဲ သေကြောင်းကြံတဲ့လူနာမှာ ဘာမှ အပြစ်မရှိဘူး၊ အရှင်ဘုရားတို့၊ တပည့်တော်တို့ သံဃာတွေနဲ့ မိဘတွေမှာပဲ အပြစ်ရှိတယ်”
“ဟောဗျာ… ကိုရင်ဇ၀န ကြည့်လဲလုပ်ဦး၊ ဘုန်းကြီးအမှု ရွာပတ်လို့သာ ကြားဖူးတယ်၊ အရှင်ဘုရားလုပ်မှ ရွာအမှု ဘုန်းကြီးပတ် ဖြစ်နေပါလား”
“ဒါလဲ ဖြစ်သင့်လို့ ဖြစ်တာလို့ပဲ မှတ်ကြရအောင်၊ အရှင်ဘုရား တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေးတစ်ခု ကြားဘူးလားမသိဘူး”
“ဆိုစမ်းပါဦး”
“ကွန်ဖြူးရှပ်က ပြောတယ်၊ သဘောထား မပြည့်ဝတဲ့သူဟာ သူတစ်ပါး အပြစ်ကိုပဲ မြင်လေ့ရှိတယ်။ သဘောထားပြည့်ဝတဲ့ သူကျတော့ ကိုယ့်ကိုယ်ပဲ အပြစ်မြင်တယ်၊ ပိုပြီး သဘောထား ပြည့်ဝတဲ့ သူကျတော့ ဘယ်သူ့ကိုမှ အပြစ် မမြင်တော့ဘူးတဲ့။ အဲဒီတော့ အရှင်ဘုရားတို့ တပည့်တော်တို့လဲ သဘောထား ပြည့်ဝတဲ့သူထဲ ပါအောင် ကိုယ့်အပြစ်ကိုယ်ပဲ ရှာကြည့်ကြရအောင်၊ အခု သေကြောင်းကြံတဲ့ ကိစ္စမှာ သေကြောင်းကြံတဲ့ လူနာဟာ ဘ၀တန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာတန်ဖိုး၊ ဘာသာအနှစ်သာရ ဘာမှမသိရှာဘူး၊ ဒါကြောင့် လူ့ဘ၀တစ်ခုကို လွယ်လွယ် ပြန်ရမယ်လို့ ထင်လို့သာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံတာပေါ့”

“ဒါကြောင့် သေကြောင်းကြံတဲ့ လူနာမှာ အပြစ်မရှိဘူးလို့ ပြောခဲ့တာပေါ့၊ သံဃာများနဲ့ မိဘများက ဘာ့ကြောင့် အပြစ်ရှိသလဲ ဆိုတော့ ဒီလူနာကို အခုလို သေကြောင်း မကြံစည်မီ အချိန်တုန်း ကတည်းက ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို သေသေချာချာ နားလည်အောင် ဗိုက်ထဲမှာ ဘုရားတည် မပေးမိတဲ့အတွက်ပဲ”
“ဘယ်လို၊ ဗိုက်ထဲမှာ ဘုရားတည်မပေးတဲ့အတွက် ဟုတ်လား”
“ဟုတ်တယ်၊ ဒါက တင်စားပြောတာပါ၊ အရှင်ဘုရား အချိန်ရရင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွေထဲ ၀င်ကြည့်၊ အလှူခံပုံးတွေမှာ ရေးထားတဲ့စာက ကလေးများဗိုက်ထဲ ဘုရားတည်ရန်တဲ့၊ ဘယ်လောက် ကောင်းလိုက်တဲ့ ရည်ရွယ်ချက်လဲလို့၊ အဓိပ္ပာယ်က နုနယ် ငယ်ရွယ်တဲ့ ကလေးဘ၀ ကတည်းက ဘာသာရေး အသိဉာဏ်တွေကို အပြည့်အ၀ သွင်းပေးထားရမယ် ဆိုတာပါပဲ။”

“ဒါကို အတုယူပြီး ဗုဒ္ဓဘာသာ ကလေးများကိုလဲ ငယ်ရွယ်စဉ်ကတည်းက ယဉ်ကျေးမှု ဘာသာရေး သင်တန်းတွေ အပြည့်အ၀ သင်ပေးနိုင်အောင် ဆရာဒကာ လက်တွဲပြီး သေသေချာချာ ကြိုးစား သင့်ကြပြီ။ မြေပြင်မှာတည်တဲ့ ဘုရားထက် ဗုဒ္ဓဘာသာ ကလေးငယ်တွေရဲ့ နှလုံးသားမှာ တည်တဲ့ ဘုရားက သာသနာအတွက် ပိုပြီး ကျေးဇူးများမယ် ဆိုတာကို အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာကျော် ဗောဓောဗုဓု ကျောက်စေတီကြီးက သက်သေပြနေပြီလေ”

“ကလေးတွေရဲ့ နှလုံးသားထဲမှာ တည်ထားတဲ့ ဘုရားမရှိတော့ အရင်တုန်းက ဗုဒ္ဓဘာသာဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား တစ်ပြည်လုံးဟာ အခု အချိန်မှာတော့ တခြားဘာသာတွေရဲ့ လက်ထဲ ရောက်ခဲ့ရပြီ မဟုတ်လား။ ဒီဘာသာခြားတွေရဲ့ အန္တရာယ်မျိုးကျတော့ မြေပြင်မှာ တည်ထားတဲ့ ဗောဓောဗုဓု ကျောက်စေတီကြီးက ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား”
“ကဲ တော်ပြီ စကားသိပ်ရှည်နေလို့ လူနာအသက် မမီဘူးဖြစ်နေဦးမယ်။ တပည့်တော်ကတော့ သွေးလဲလှူမယ်၊ ဘာသာရေး အသိဉာဏ် ဓမ္မကိုလဲလှူမယ်”

ပြောပြောဆိုဆိုဖြင့် ထွက်ခဲ့ရာ သွေးအလှူခံလာသော မြင်းလှည်းနားသို့ ရောက်လာသည်နှင့် စိုးရိမ်တကြီးဖြင့် သွေးအလှူရှင်ကို စောင့်မျှော်နေသည့် အသက် (၅၀) အရွယ် ဒကာကြီးတစ်ဦးကို တွေ့လိုက်ရသည်။ စာရေးသူက-

“ဒကာကြီး သွေးအလှူရှင်ရပလား”
“မရသေးပါဘုရား”
“ဘယ်နှစ်ပုလင်းလဲ”
“တစ်ပုလင်းပါဘုရား”
“သွေးအမျိုးအစားကရော”
“ဘီသွေးပါဘုရား”

“ကဲ ဒါဆိုရင်သွားကြစို့၊ ကိုရင်ပဲလှူမယ်၊ တခြားစောင့်မနေနဲ့၊ ရမှာလဲမဟုတ်ဘူး၊ ကိုရင်ဣန္ဒ၀ံသ ဆရာတော် ဦးနန္ဒောဘာသကို လျှောက်လိုက်ပါ၊ သွေးလှူဖို့ တပည့်တော် လိုက်သွားပြီလို့”
ကျောင်းနှင့် တစ်မိုင်သာသာခန့် ဝေးသော ဆေးရုံဆီသို့ မြင်းလှည်း မောင်းထွက်လာသည်နှင့် စာရေးသူက မျက်နှာတွင် ညှိုးရော် ကြေကွဲရိပ် ထင်နေသည့် ဒကာကြီးအား တစ်ချက် မေးကြည့်လိုက်သည်။

“ဒကာကြီး လူနာက ဘယ်လိုဖြစ်တာတုံး၊ နည်းနည်းလောက် ပြောပြပါလား”
“မှန်ပါ၊ ပြောပြပါမယ်ဘုရား၊ တပည့်တော်တို့က တောကပါဘုရား၊ သမီးလေးကို စာတတ်ပေတတ် ဖြစ်စေချင်လို့ မြို့ပေါ်က သူ့ဦးလေးအိမ်မှာ နေစေပြီး ကျောင်းတက်ခိုင်းပါတယ် ဘုရား။ အဲဒါ ဒီနှစ်ဆယ်တန်း စာမေးပွဲကျတော့ စာမကြိုးစားဘဲ အပျော်အပါးနဲ့ အချိန်ကုန်နေလို့ ဖြစ်မှာပဲလို့ ထင်ပြီး လူရှေ့သူရှေ့မှာ ရိုက်နှက် ဆုံးမမိပါတယ် ဘုရား။ အဲဒါ သမီးလေးက အရှက်ရပြီး ဘာမီတွန် ဆေးပြားတွေကို တစ်ပုလင်းလုံး သောက်ပစ်လိုက်တာပါပဲ ဘုရား”

“တပည့်တော်တို့ သိတဲ့အချိန်ကျတော့ ပါးစပ်က အမြှုပ်တွေတောင် ထွက်နေပြီ။ ဒါနဲ့ ဆေးရုံကို ချက်ချင်း ပြေးလာကြတာပါပဲ ဘုရား၊ ဆေးရုံက သွေးလိုတယ်၊ သွေးသွင်း ကုရမယ်လို့ ဆိုတာနဲ့ အရှင်ဘုရားတို့ ကျောင်းကို သွေးအလှူခံ ရောက်လာခဲ့တာပါ။ နောက်မှ သိရတာက သမီးလေး စာမေးပွဲကျတာ အပျော်အပါးကြောင့် မဟုတ်ဘဲ စာမေးပွဲဖြေခါနီး ကပ်ပြီး နေမကောင်းလို့တဲ့ ဘုရား၊ မစူးစမ်း မဆင်ခြင်ဘဲ လူရှေ့သူရှေ့မှာ ရိုက်နက်ဆုံးမတဲ့ တပည့်တော်ရဲ့ အပြစ်ပါပဲဘုရား”
ပြောနေရင်းပင် ဒကာကြီး၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်ကို တွေ့လိုက်ရသဖြင့် စကားလမ်းကြောင်းကို တစ်နေရာသို့ ပြောင်းပေးလိုက်ရသည်။

“အဆိုးထဲက အကောင်းပေါ့ ဒကာကြီးရယ်။ နောက် သားသမီးတွေ ဆုံးမတဲ့အခါ ဒီလို မဖြစ်ဖို့အတွက် သင်ခန်းစာယူရမှာပေါ့၊ စိတ်ပညာ ကျမ်းတွေရဲ့ အဆိုအရ လူဟာ ကိုယ့်ကိုယ်ကို အထင်အကြီးဆုံးပဲတဲ့၊ ကလေးသူငယ်တွေရဲ့ တလူလူ တက်နေတဲ့အညွန့်ကို မိဘဆရာတွေက ချိုးမိသလိုမဖြစ်အောင် အမြဲတမ်း ဂရုစိုက်ကြရမယ်၊ ဒါကြောင့် ရှေးဆရာများကမိမိတပည့် သားသမီးကို ဆုံးမတာတောင် အဆုံးမတတ်ဖို့အတွက် နည်းလမ်းလေးတွေ ပေးထားတယ်”

“တရံတဆစ်၊ အပြစ်အနာ
တွေ့သောခါဝယ်၊ ကွယ်ရာခေါ်၍
ဆုံးမလေ့၏။ သူ့ရှေ့သူ့မှောက်
ပွဲပြင်ရောက်သော်၊ မြှောက်မြှောက်စားစား၊
သားအားပိုက်ဖြူး၊ မိဘကျူးသို့၊
ကျေးဇူးကိုသာ၊ ရှာ၍ချည်းဆို။”

   “အဓိပ္ပာယ်က တပည့်သားသမီးကို အပြစ်ပြောပြီး ဆုံးမစရာရှိရင် ကွယ်ရာမှာခေါ်ပြီး တိုးတိုး တိတ်တိတ် ဆုံးမပါတဲ့၊ လူ့ရှေ့သူ့ရှေ့မှာ ဆိုရင်တော့ တပည့်သားသမီးရဲ့ ကောင်းကွက်ကိုသာ ရှာပြီး ချီးမွမ်းပါတဲ့၊ မိဘဆရာတွေအတွက် မှတ်သားစရာပေါ့ ဒကာကြီး”
“အရင်ကသာ ဒီနည်းလမ်းလေး သိထားရင် တပည့်တော် သမီးလေး ဒီအဖြစ်ဆိုးမျိုး ဘယ်ကြုံရမှာတုံး ဘုရား”
ဘယ်လိုပင် စကားလမ်းကြောင်း ပြောင်းပေးသော်လည်း ဒကာကြီး၏ မျက်ရည်တို့က ဘယ်လိုမှ စဲမသွားခဲ့ပါ။ သို့နှင့်ပင် ဆေးရုံဝင်းထဲသို့ မြင်းလှည်း ရောက်သည်နှင့် စာရေးသူက သွေးဖောက် သော အခန်းထဲ ခပ်သွက်သွက် ၀င်သွားလိုက်သည်။ သွေးဖောက်နေဆဲ အချိန်မှာလည်း အာနိသင်ပိုရှိရန် သွေးက ဆေးကဲ့သို့ အစွမ်းထက်ရန် လူနာသို့မှန်းပြီး မေတ္တာပို့နေလိုက်သည်။
သွေးဖောက်ပြီးသည်နှင့် စောစောက ဒကာကြီး အခန်းထဲသို့ ၀င်လာကာ-

    “အရှင်ဘုရား သမီးလေးအဖြစ်က သေမယ် ရှင်မယ်ဆိုတာ တပ်အပ်သေချာ မပြောနိုင်တော့ ဖြစ်နိုင်ရင် လူနာဆောင်ထဲ ခေတ္တကြွပြီး သိသင့် သိထိုက်တဲ့ တရားလေးများကို ဟောကြားပေးပါဘုရား”
စာရေးသူ ခေါင်းညိမ့်ပြပြီး လူနာရှင် ဒကာကြီးနှင့်အတူ သွားလိုက်သည်။ လူနာဆောင်ထဲ ရောက်တော့ စာရေးသူထံမှ ထုတ်ယူသွားသော သွေးများကို လူနာအား ချက်ချင်း ပြန်သွင်းပေနေသည်ကို တွေ့ရသည်။ ထူးခြားသော မြင်ကွင်းက စာရေးသူမျက်စိထဲမှ မထွက်၊ သေလုမြောပါး ဝေဒနာ ခံစားနေရသော်လည်း လူနာမိန်းကလေး၏ မျက်နှာက တင်းမာ ခက်ထန်သယောင် ရှိနေသည်။

    စကားကတော့ မပြောနိုင်ရှာတော့ပါ။ သွေးလှူရှင် ကိုရင်ကြွလာသည်ဟု မိဘများက ပြောလိုက်သည်နှင့် မျက်လုံးကိုတော့ အားယူပြီး ဖွင့်ကြည့်လိုက်သည်ကို တွေ့ရသည်။ အချိန်က သိပ်တန်ဖိုးရှိနေသည်။ စာရေးသူက အချိန်မဆွဲတော့၊ လူနာအား ခေတ္တစိုက်ပြီး စိတ်ထဲမှ မေတ္တာပို့လိုက်ပြီးနောက် လူ့ဘ၀အပါအ၀င် ရခဲခြင်းတရားငါးပါး၊ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရ။
ထို့နောက် ပုထုဇဉ်တိုင်း အားကိုး အားထားပြုရမည့် အပါယ်မလားစေသော ကုသိုလ်များ၊ သေခါနီးတွင် ဂတိကောင်းရန် စိတ်ထားပုံမှစ၍ တစ်နာရီခန့်ကြာအောင် တရားအလှူကို ပေးလှူလိုက်ပါသည်။ တရားအဆုံးတွင် လူနာရှင်များရော၊ ဆေးရုံဝန်ထမ်းများပါ အားလုံး ၀မ်းသာအားရ သာဓုခေါ်ကြသည်။ ထူးခြားသည်က ဒေါသအရှိန်ဖြင့် တင်းမာသယောင် ရှိနေသော ဆယ်တန်း ကျောင်းသူလေး၏ မျက်နှာမှာ နူးညံ့ ပျော့ပျောင်းလာပြီး လက်အုပ်ချီ ကန်တော့ချင် သည့် အမူအရာကို ပြသဖြင့် မိဘများက သူမ၏လက်ကို လက်အုပ်ချီပြီး ရင်ဘတ်ပေါ် တင်ပေးလိုက်ကြခြင်းပင်။

      မျက်စိကို အားယူဖွင့်ရင်း စာရေးသူကို ကန်တော့ရင်းကပင် ၀မ်းသာ ကြည်နူးနေသော မျက်နှာအသွင်မှ တစ်ဖန် ၀မ်းနည်း ကြေကွဲသော မျက်နှာသို့ ချက်ချင်း ပြောင်းသွားပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာကြသည်။
အမူအရာဖြင့်သာ ပြောပြနိုင်ရှာသော ဆယ်တန်း ကျောင်းသူလေး၏ စကားကို စာရေးသူ ဘယ်လိုမှ နားမလည်နိုင်ခဲ့။ သူမပြောပြလိုသော စကားများ၏ အဓိပ္ပာယ်ကို နောက်သုံးရက်ကြာမှ သိရသည်။ လူနာရှင် ဒကာကြီး ကျောင်းသို့ရောက်လာပြီး-

“အရှင်ဘုရား တပည့်တော် သမီလေး ဆုံးသွားပါပြီ ဘုရား၊သက်သာသလိုတော့ ဖြစ်သွားသေး တယ်ဘုရား၊ အဲဒီအချိန်လေးမှာ မနည်း အားယူပြီး အရှင်ဘုရားကို လျှောက်ခိုင်းတာလေးလဲရှိလို့ လာလျှောက်တာပါဘုရား၊ သမီးလေး ပြောသွားတာကတော့ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀ အနှစ်သာရ၊ ဘာသာအနှစ်သာရကို မသေခင်မှာ သိသွားရလို့ သူသိပ်ပြီး ၀မ်းသာပါသတဲ့ဘုရား။”

  “အရှင်ဘုရားကိုလဲ သွေးတင်မကတရားပါ လှူတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းကို သေချာ လျှောက်ထားခိုင်းပါတယ်၊ တရားဆုံးတဲ့နောက် သူ့မျက်နှာ ကြည်လင်သွားတာက မသေခင်မှာ သိသင့်သိထိုက်တဲ့ တရားကို သိရလို့ပါတဲ့။ သူ့မျက်နှာ ညှိုးသွားပြီး မျက်ရည်ကျတာကိုလဲ တစ်မျိုး မထင်ပါနဲ့တဲ့၊ အဲဒါကတော့ ရခဲတဲ့လူ့ဘ၀ထဲကနေ ဘ၀အနှစ်သာရ ဘာတစ်ခုမှ ထုတ်မယူနိုင် တော့တဲ့ အတွက် ၀မ်းနည်းပြီး ငိုမိတာပါတဲ့ဘုရား”
ဟု လျှောက်ထားသွားရာ ဒကာကြီး၏ လျှောက်ထားသံက နားထဲကမထွက်။ သြော်- ဆယ်တန်း ကျောင်းသူလေးကား ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကို မျက်ရည်ကျပြီးမှ သိသွားတာပါလား၊ ကျန်သောဒကာ၊ ဒကာမများ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘာသာအနှစ်သာရကို ဆယ်တန်း ကျောင်းသူလေးကဲ့သို့ မျက်ရည်ကျပြီး မသိစေချင်ပါ၊ မျက်ရည်မကျခင် ကပင် ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကို သိစေချင်လှပါသည်။
ထို့ကြောင့်လည်း ဤကျမ်းစာကို “မျက်ရည်မကျခင် သိစေချင်” ဟု အမည်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါသည်။
ချမ်းသာကိုယ်စိတ်မြဲကြပါစေ။

မေတ္တာရှင် (ရွှေပြည်သာ)
ဆရာတော် အရှင်ဇ၀န
မန္တလေးကျောင်းတိုက်
(၆)ရပ်ကွက်၊ ရွှေပြည်သာ၊ ရန်ကုန်။
မှတ်ချက်။ ။ (ဖော်ဝတ်မေလ်း) အား ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
 http://www.wiradhamma.blogspot.com/2012/05/blog-post_14.html

Monday, March 18, 2013

ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော် နှင့် ရွှေထီးတော်


"အထွဋ်စိန်" ဟုခေါ်သည်၊ ရွှေတိဂုံစေတီတော်ရဲ့ အမြင့်ဆုံးနေရာပါ။ အရွယ်အစားကတော့ (၇၆) ကာရက်ရှိပါတယ်။ ရင်ပြင်တော်မှ အမြင့်ပေ (၃၂၆) ပေခန့်တွင်ရှိပါတယ်။



ပန်းလည်တိုင်တွင်ပတ်ကာ စိတ်ကူကောင်းကောင်းဖြင့် လှပသပ္ပယ်စွာ လှူတန်းထားသော "ရွှေစင်ရွှေသား လေးဆူမြတ်ဘုရား" များမှတစ်ခုပါ။အစောဆုံးစတင်လှူတန်းမှုမှာ (၁၉၃၁) ခုနှစ်ကဖြစ်တယ်။ ဘုရားလေးဆူပါ ပန်းလည်တိုင်ကာတစ်ခုလျှင် ရွှေစင် (၆) ကျပ်သားအလေးချိန်ရှိတယ်။ ကြာကလပ်တော် မှ စိန်ဖူးတော်အထိ အားလုံး (၄၅) ခုရှိပါတယ်။

 

၁၉၉၉ ခုနှစ် မတ်လ (၁) ရက်နေ့ ရွှေတိဂုံစေတီတော် ထီးတော်သစ် တင်လှူပွဲကာလအတွင်း ငှက်မြတ်နားတော်ရှိ ရုပ်ပွားတော်အား ရောင်တော်ဖွင့်အပြီး မတ်လ (၁၉) ရက်နေ့တွင် ရောင်ခြည်တော်ကွန့်မြူးစဉ်။


 ငှက်မြတ်နားတော် အဖျားပိုင်းတွင် သံမဏိချုပ်တန်းသစ် (၂) ခု တတ်ဆင်ထားပြီး ဒဏ်ခံစပရိန်သံမဏိဆိုင်းကြိုး (၄) ကြိုးဖြင့် ဘေးတစ်ဖက်တစ်ချက်ဆီမှ ထိန်းချုပ်ထားသည်။ ငှက်မြတ်နားတော်နှင့် ခေါင်းလောင်းပဒေသာ ချောမွေ့စွာ လည်ပတ်နိုင်စေရန် Steel ball များ အသစ်လဲ၍ Hard crease အပြည့်ဖြည့်တင်းထားသည်။
 

 ရွှေတိဂုံစေတီတော် ငှက်မြတ်နားတော် အနောက်ဖက်ရှိ ရွှေစင်ရွှေသား စေတီတော် ပုံစံငယ်ကို တွေ့ရစဉ်။
 

ထီးတော်၏ စုစုပေါင်း ရွှေအလေးချိန် - (၁၄၄.၈၉) ပိဿာ
ထီးတော်ပေါ်ရှိ ရတနာပစ္စည်းမျိုးစုံ - (၈၃၈၅၀) ခု - ရွှေ (၃၂၆) ပိဿာ
ထီးတော်ပေါ်ရှိ ရွှေညောင်ရွက် - (၁၈၀၅) ရွက် - အလေးချိန် (၁၃.၅၉) ပိဿာ
ထီးတော်ပေါ်ရှိ ရတနာရွှေကြုတ် - (၉) ခု - အလေးချိန် (၄.၅) ပိဿာ
ထီးတော်ပေါ်ရှိ ရွှေခေါင်းလောင်း - (၄၇၄) လုံး
ထီးတော်ပေါ်ရှိ ရွှေ၊ ငွေ၊ ကြေး စပ် ခေါင်းလောင်း - (၇၉၃) လုံး
ထီးတော်၏ သံမဏိအလေးချိန် ၊ ထီးခွေ နှင့် ထီးဒေါက်အပါအဝင် - (၄.၄၇) တန်
ထီးတော်၏ ကြေးအလေးချိန် - (၀.၈၃) တန်

  

ဒီနေရာကတော့ ရွှေငွေပေါင်းကူး ဆပ်သွားဖူးလို့ခေါ်ပါတယ်၊ အောက်ခံငွေသားပေါ်မှာ (၃၄) ဂိတ်ထူတဲ့ရွှေသားကိုအုပ်ပြီး ပူဇော်ထားပါတယ်။ ပုံမှာမြင်တဲ့အတိုင်းပဲ ရွှေဆည်းလည်း၊ ရွှေခေါင်းလောင်း၊
ရွှေကြေးစည်၊ ရွှေညောင်ရွက်များနဲ့ လက်ဝတ်ရတနာများ ချိပ်ဆွဲလှူတန်းထားရာ နေရာဖြစ်ပါတယ်။

  

ရွှေတိဂုံစေတီတော် ရွှေထီးတော်သစ်၏ ပဉ္စမ ၊ ဆဋ္ဌမ ၊ သတ္တမ ဘုံဆင့်များ။
  

ရွှေတိဂုံစေတီတော် ရွှေထီးတော်သစ်၏ ပဉ္စမ ၊ ဆဋ္ဌမ ၊ သတ္တမ ဘုံဆင့်များ။
  

"အားလုံးဖူးမြှော် ရွှေထီးတော် ပူဇော်ထူးမြတ် အနီးကပ်"
အသစ်တင်လှူမည့် ရွှေထီးတော်အား ရွှေချပူဇော်ခြင်း မပြုလုပ်မှီ ဖူးမြင်ရပုံ။

  

"တစ်ဘုံမှာ တစ်ဖုံဆန်း ထုံမွှန်းလျက်ပူဇော်ကာ မြန်မာ့ပန်းပညာ"
ယနေ့ တင်လှူပူဇော်ထားသော ရွှေထီးတော်သစ်။


 
ထီးတော်အသစ် အတွင်းပိုင်းတွင် ကိန်းဝတ်စံပယ်လျှက်ရှိသော ရတနာစီခြယ် ဗုဒ္ဓရုပ်ပွားတော်။
  
ထီးတော်အသစ်၏ နေရာအသီးသီးတွင် ရှုမကုန် အံ့မခန်း ပန်းထိမ်လက်ရာဆန်းများကို တွေ့မြင်နိုင်လေသည်။ အနုပညာရတနာသိုက်ကြီးဟု တင်စားလောက်အောင်ပင် စုံလင်လှပေသည်။ နဝရတ်ကိုးပါးစီခြယ်ထားသည့် ရတနာရွှေကျောင်းဆောင် ရတနာမျိုးစုံစီခြယ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို ထီးတော်သစ်တွင် မြင်တွေ့ဖူးမြှော်နိုင်ပါသည်။





ထီးတော်သစ် ပဉ္စမဘုံ ၊ ဆဋ္ဌမဘုံ အတွင်းပိုင်းရှိ သံမဏိ Frame ပေါ်တွင် အများပြည်သူတို့ လှူတန်းထားသော ဆည်းလည်း ခေါင်းလောင်းများ ၊ လက်ဝတ်ရတနာများ ၊ ရုပ်ပွားတော်များအား တွေ့မြင်ရစဉ်။
 

 ထီးတော်သစ် တည်ငြိမ်မှုရှိစေရန် ပထမဘုံဆင့်နှင့် ဖေါင်းရစ်တော်များကြား အားဖြည့်ထောက်ပံ့ထားသော သံမဏိဒေါက်တိုင်များ ပတ်လည်တွင် အများပြည်သူ လှူတန်းထား သည်များကို တွေ့ရစဉ်။ ဤနေရာတွင် ပြုပြင်ပြီးစီး၍ ရွှေသင်္ကန်း ကပ်လှူပူဇော်ထားသော ကြာကလပ်တော် ကိုလည်း တွေ့မြင်နိုင်သည်။
 

 "သံသေခေါင်းလောင်း မရွှေ့ပြောင်း"
"ပြဒါးသေ တစ်ဆွေဝ ၊ သံသေ တစ်ပြည်ဝ" ဟု ရှေးက ဆိုရိုးရှိခဲ့လေသည်။
သာယာဝပြောသော နိမိတ်ကိုဆောင်သည့် သံသေခေါင်းလောင်းတို့ကို မပြောင်းမလဲ ရှိမြဲနေရာမှာပင် သိဒ္ဓိမပျက်စေရန် ပြန်လည်းထားရှိခဲ့သည်။

 

ဇွန်းလေးဘုံတွင် ကြည်လင်တောက်ပ ခိုင်မာလှဖို့ ပြင်ကြ ဆင်ကြ ကြိုးစားကြ ...
ဇွန်းလေးဘုံဟုခေါ်ပါတယ်။ပိန္နဲတိုင်အဆက် Muff Coupling ကို ငုံပြီးတန်ဆာဆင် ပူဇော်ထားပါတယ်။ ပြင်ပမှကြည့်လျှင်တော့ လုံးဝမမြင်ရပါဘူး။



 ဒီနေရာမှာသွားရောက်လေ့လာနိုင်ပါတယ်။
 ၁၉၉၉ ခုနှစ် ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲမှ မှတ်တမ်းပုံများ ရှိပါတယ်။

မတ်လ(၂၂)ရက်နေမှ(၂၆)ရက်နေ့အထိညစဉ်(၇)နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်ခေတ္တရာကွင်းတွင်
တရားပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

      မတ်လ(၂၂)ရက်နေ့တွင် ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက်၊ လှရတနာကျောင်းမှ
သ.စ.အဓမ္မာစရိယဝဋံသကာပါဠိပါရဂူ ပထမကျော်အဂ္ဂမဟာအကျော် အဋ္ဌကထာပြန်အကျော်

ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)၊

မတ်လ(၂၃)ရက်နေ့တွင် နေပြည်တော်၊တပ်ကုန်း၊ငွေတောင်တောရမှ သာသနဓဇဓမ္မာစရိယ
ဘဒ္ဒန္တကောဏ္ဍည၊

မတ်လ(၂၄)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့်စာသင်တိုက်မှနိုင်ငံတော် သံဃမဟာနာယကအဖွဲ့
(တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ဂုဏိကာဘိဝံသ၊

မတ်လ(၂၅)ရက်နေ့တွင် ဒလမြို့နယ်၊ဇေယျဝတီကျောင်း မှဂန္ထဝါစကဓမ္မကထိကလယ်တီဘဒ္ဒန္တစန္ဒာဝရနှင့် 

မတ်လ(၂၆)ရက်နေ့၊တပေါင်းလပြည့်နေ့တွင် မရမ်းကုန်းမြို့နယ်၊ကလေးဝတောရ ကျောင်းတိုက်မှ
ဒွိပိဋကဓရ၊ဒွိပိဋကကောဝိဒအဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာကမ္မဌာနစရိယလယ်တီဘဒ္ဒန္တဇာဂရာဘိဝံသ
(ကလေးဝတောရ ဆရာတော်)တို့ကတရားချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

 တရားချစ်ခင်သူတော်စင်အပေါင်း တရားဓမ္မများ နာယူနိုင်ရန် နိုးစော်အပ်ပါသည်။
 ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ (၂၆၀၁) ကြိမ်မြောက်ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အား ဤ post လေးဖြင့်
ပူဇော်ပါသည်။

 လေးစားစွာဖြင့်    ....    မောင်မြင့်


သီလ စောင့်ထိန်းခြင်း အကျိုး ( ၅ )ပါး နှင့် တံမြက်လှည်းခြင်းအကျိုး

တံမြက်လှည်းခြင်းအကျိုး (အသျှင်သကိံသမ္မဇ္ဇကမထေရ်)



၁။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ သခွတ်ဗောဓိပင်မြတ်ကို ဖူးမြင်၏။ ထိုသစ်ပင်မြတ်ကို ဖူးမြင်၍သာလျှင် ထိုဗောဓိပင်၌ စိတ်ကို ကြည်လင်စေခဲ့၏။

၂။ ထိုအခါ တံမြက်စည်းကို ယူ၍ ဗောဓိပင်ရင်ပြင်ကို တံမြက်စည်းလှည်းခဲ့၏။ တံမြက် လှည်းပြီးလျှင် ငါသည် ထိုသခွတ်ဗောဓိပင်ကို ရှိခိုးခဲ့၏။

၃။ ငါသည် ထိုဗောဓိပင်၌ စိတ်ကို ကြည်လင်စေ၍ ဦးခေါင်း၌ လက်အုပ်ချီပြီးလျှင် ထို ဗောဓိပင်ကို ရှိခိုးလျက် နောက်ဆုတ် ပြန်သွား၏။

၎။ ထိုသို့သော ခရီးဖြင့် မြတ်သော ဗောဓိပင်ကို အောက်မေ့လျက် သွား၏။ (ထိုအခါ ) ကြမ်းတမ်းသော ခွန်အားကြီးမားသော စပါးကြီးမြွေသည် ငါ့ကို နှိပ်စက်၏။

၅။ (စုတိစိတ်၏) အနီး၌ ပြုအပ်သော ငါ၏ ကံသည် အကျိုးပေးသောအားဖြင့် ငါ့ကို နှစ်သက်စေ၏။ (မြွေသည်) ငါ၏ ကိုယ်ကို မျိုလိုက်၏။ ငါသည် နတ်ပြည်၌ မွေ့လျော်ရ၏။

၆။ ငါ၏ စိတ်သည် နောက်ကျုခြင်း မရှိ၊ စင်ကြယ်၏။ အခါခပ်သိမ်း ဖြူစင်၏။ ငါ၏ စိတ်ကိုပူပန်စေတတ်သော သောကတည်းဟူသော ငြောင့်ကို မသိရပေ။

၇။ နူနာသည်လည်းကောင်း၊ အိုင်းအမာသည်လည်းကောင်း၊ ဝဲကြီးနာသည်လည်းကောင်း၊ ဝက်ရူးနာသည်လည်းကောင်း၊ ဝဲနာသည်လည်းကောင်း၊ ပွေးနာသည်လည်းကောင်း၊ ယားနာသည်လည်းကောင်း ငါ့အား မရှိပေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

၈။ ငါ၏ စိတ်နှလုံး၌ စိုးရိမ်မှုသည်လည်းကောင်း၊ ငိုကြွေးမှုသည်လည်းကောင်း မရှိချေ။ (ငါ၏) စိတ်သည် တုန်လှုပ်ခြင်းမရှိဘဲ ဖြောင့်မတ်၏။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

၉။ ငါသည် ဈာန်သမာဓိတို့၌ မမေ့မလျော့၊ (ငါ၏) စိတ်သည် သန့်ရှင်းလျက် ရှိ၏။ ငါ့အား အကြင်အကြင်သမာဓိကို အလိုရှိ၏။ ထိုထိုအလိုရှိသော သမာဓိသည် ပြည့်စုံ၏။

၁ဝ။ နှစ်သက်ဖွယ် အာရုံ၌ မနှစ်သက်၊ ထို့ပြင် အမျက်ထွက်ဖွယ် အာရုံ၌လည်း အမျက်မထွက်၊ တွေဝေဖွယ် အာရုံ၌ မတွေဝေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တံမြက်လှည်းမှု ပြုခဲ့ရသော အခါမှစ၍ အပါယ်လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ 'ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့' ငါသည် အာသဝမရှိဘဲနေရ၏။

၁၃။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ ငါသည် မြတ်စွာ ဘုရားအထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သကိံသမ္မဇ္ဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

(သကိံသမ္မဇ္ဇကဝဂ်၊ သကိံသမ္မဇ္ဇကတ္ထေရအပဒါန်)
credit to-တိပိဋက
 

သီလ စောင့်ထိန်းခြင်း အကျိုး ( ၅ )ပါး


၁။ စီးပွါး ဥစ္စာ ရတနာတို့ ကို မြောက်များစွာ ရခြင်း။

၂။ နာမည်ကောင်း သတင်း ကျော်ကြားခြင်း။

၃။ ပရိတ်သတ် ဗိုလ်ပုံအလယ် တွင် တင့်တယ် ရဲရင့်ခြင်း

၎။ တွေဝေမေ့ မောမှု မရှိ သတိ ကောင်းလျက် သေခြင်း။

၅။ သေလွန်ပြီး နောက် ကောင်းမြတ်သော လူ့ဘဝ

နတ်ဘ၀ ကို ရရှိခြင်း။
 

ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်...




လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။

ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်

စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။

အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။

လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း လူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။

ပညာရေးမြင့်မားတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အသိဥာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။

လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

လူရယ်လို့ဖြစ်လာတိုင်း ဘ၀ကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ ဘ၀ကိုသာ အဖိုးတန်ဘ၀ကောင်းလို့ဆိုနိုင်ပါတယ်။

လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ပါဏာတိပါတသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သူတပါးအသက်ကိုသတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း မျက်စိ၊နား၊နှာ ၊ အင်္ဂါ၊ခြေလက် ချို့ယွင်းတတ်ပါတယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။
အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေး တုံ့နှေးဖြစ်နေတတ်ပါတယ်။ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။
သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်း သေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊ အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။

အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ ၊ ပိုင်ရှင်မပေးပဲ သူတစ်ပါးပစ္စည်းကို မတရားယူတဲ့သူဟာ ဖြစ်လေရာ ဘ၀တိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။
လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့ ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။

ကာမေသုမိစ္ဆာစာရပုဒ် မလုံခြုံတဲ့သူ ၊ မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ ဖြစ်လေရာ ဘ၀တိုင်းမှာ မလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။
မိန်းမဖြစ်ရတတ်ပါတယ်။မိန်းမမဟုတ် ၊ ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောက်ျားလျာ) ဖြစ်ရတတ်ပါတယ်။ ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ ၊ မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့ အမျိုးသား တစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။
မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်ပါတယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။

မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး
ဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။
သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။
သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။

ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။



ပါဏာတိပါတ် ၊သူ့သက်သတ်က
ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး
ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ
အနာများလျှက် ၊ခြွေရံပျက်၍
အသက်တိုလျ ၊ ပြစ်များစွာ့သည်
ရှောင်က အပြန်အကျိုးတည်း။
အဒိန္နဒါ ၊ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ ၊ ဘောဂပျက်စီး
ရေမီးသူခိုး ၊ မွေခံဆိုးနှင့်
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။

မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း
မုန်းကြသူများ ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏
ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ
မျက်နှာမလှ ၊ အရှက်ရလျှက်
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ၊ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။

မုသားစကား ၊ ပြောဆိုငြားမူ
စကားမပီ ၊ သွားမညီတည်း
ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။

သေရည်သောက်လင့် ၊သင့်မသင့်၌
ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း
ခမင်းများထို ၊ အကုသိုလ်ကို
မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်
ရှောင်ခါအပြန်အကျိုးတည်း။

ငါးပါးသီလနဲ့ ပါတ်သက်တဲ့ ဒီဆောင်ပုဒ် ငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘ၀မျိုးဖြစ်လို့ အဲဒီလိုလူ့ဘ၀မျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။

အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)

အချစ်ကံတွေ ဘာကြောင့် ဆိုးရတာလဲ ???






လောကမှာ လူသားတိုင်းအချစ်နဲ့ ကင်းနိုင်တဲ့သူရယ်လို့ မရှိသလောက် ရှားပါတယ်။ အနည်းအကျဉ်းတော့ အချစ်နဲ့ကင်းနိုင်တဲ့ သူတွေတော့ရှိကြမှာပါ။ အမှန်တော့ ရဟန်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် အနာဂါမ်မဖြစ်သရွှေ့တော့ အချစ်ဆိုတာ ရှိနေကြရဦးမှာပါ။ အချစ်ဆိုတာ ရှိနေသရွှေ့ အချစ်နဲ့ဆက်နွှယ်နေတဲ့ ခံစားမှုပြဿနာတွေကလည်း ကြုံတွေ့နေကြရဦးမှာပါ။ အချစ်နဲ့ပါတ်သက်တဲ့ပြဿနာတွေ
မှာ အချစ်ကြောင့်ဘ၀ပျက်သွားကြရတဲ့သူတွေ၊ အချစ်ကြောင့် ကိုယ့်ဘ၀ကိုအဆုံးသတ်သွားတဲ့သူတွေ၊ အချစ်အပေါ်မှာမူတည်ပြီး ဘ၀လမ်းကြောင်းတွေ ပြောင်းလဲသွားရတဲ့သူတွေ များစွာပါ။ ဒီတော့ အချစ်နဲ့ပါတ်သက်တဲ့ရောဂါတွေကို ကုသဖို့ဆေးကတော့ မရှိမဖြစ် လိုအပ်နေပြန်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားဆုံးမခဲ့တဲ့ တရားတော်တွေဟာ များသောအားဖြင့် စိတ်မှာဖြစ်တတ်တဲ့ ရောဂါတွေကို ကုသဖို့ တရားဆေးတွေပါပဲ။ ဆေးဆိုတဲ့နေရာမှာလည်း ရောဂါတစ်မျိုးတည်းအတွက် မဟုတ်ပြန်ပါဘူး။ ရောဂါမျိုးစုံအတွက်ပါ.. လူမှုရေးရောဂါ၊ ကျန်းမာရေးရောဂါ၊ စီးပွားရေးရောဂါ၊ ပညာရေးရောဂါ၊ နာရေးရောဂါ၊ သေရေးရောဂါ၊ အချစ်ရေးရောဂါ၊ အိမ်ထောင်ရေးရောဂါ စသည်စသည်ဖြင့် ရောဂါပေါင်းစုံပါပဲ။


ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးမတွေဟာ လောကမှာရှိတဲ့ သတ္တ၀ါတွေအားလုံး ခံစားနေရတဲ့ရောဂါပေါင်းစုံကို ပျောက်ကင်းသက်သာသွားအောင် ကုသပေးနိုင်ပါတယ်။ အသုံးကျအောင် အသုံးချတတ်ဖို့ကတော့ အဓိက အကျဆုံးပေါ့။ လောကီမှာဖြစ်ပျက်နေတဲ့ သတ္တ၀ါတွေရဲ့ခံစားနေရတဲ့ ရောဂါအမျိုးက အမျိုးစုံလှတဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း အမျိုးစုံအောင် အကြောင်းရာစုံအောင် ဟောပြဆုံးမပေးခဲ့ပါတယ်။ ဒီတော့ လူသားတိုင်းမကင်းနိုင်တဲ့ အချစ်နဲ့ပါတ်သတ်တဲ့ ရောဂါကို နားရှက်စရာကြီးဆိုပြီး ချန်ထားခဲ့ရင် ရောဂါရသူတွေအတွက် အများကြီး နစ်နာပါတယ်။ လက်တွေ့လောကမှာ သေချာလေ့လာကြည့်ရင် အချစ်နဲ့ပတ်သက်လို့ ခံစားနေရတဲ့ ရောဂါသည်တွေ ရာခိုင်နှုန်းတစ်ခုအနေနဲ့ အတော်များများရှိပါတယ်။ အချစ်နဲ့ပတ်သက်ပြီး အသည်းကွဲတာတို့၊ ကိုယ်ကသစ္စာရှိပေမယ့် သူကထားသွားတာတို့၊ ကိုယ်ဒီလောက်ချစ်တာကို သူကဘာလို့တန်ဖိုးမထားရတာလဲတို့၊ ကိုယ်ချစ်သလောက် ဘာလို့ပြန်မချစ်ရတာလဲတို့ စသည်စသည် များစွာပါပဲ။ ဒီတော့ အချစ်နဲ့ ပါတ်သက်လို့ ခံစားရတဲ့ရောဂါဝေဒနာကို သက်သာနိုင်ဖို့ နည်းလမ်းကတော့ အတော်လေးကို လိုအပ်နေတယ်ဆိုတာ အသေချာပါပဲ။

အဓိကအနေနဲ့ အချစ်နဲ့ပတ်သက်ပြီး ဝေခွဲကြည့်လိုက်မယ်ဆိုရင် အချစ်ကံဆိုးခြင်းနဲ့ အချစ်ကံကောင်းခြင်းဆိုပြီး နှစ်မျိုးပဲ ထွက်လာပါမယ်။ အချစ်ကံဆိုးတယ်ဆိုတာကတော့ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ သစ္စာမရှိပဲ ကိုယ့်ကိုထားသွားတာ၊ ကိုယ်တစ်ယောက်ထဲတင်မဟုတ်ပဲ ရည်းစားအများကြီးထားပြီး ကိုယ့်ကိုလိမ်ညာနေတာ၊ ကိုယ့်အချစ်ကို တန်ဖိုးမထားပဲ အပျော်သက်သက် သဘောထားတာတို့ စသည့် အချက်လက်တွေပေါ့။ အချစ်ကံကောင်းတယ်ဆိုတာတော့ ကိုယ်ကချစ်သလောက် ကိုယ့်ကိုသူကတန်ဖိုးထားတယ်၊ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ သစ္စာစောင့်သိတာ၊ ကိုယ့်အပေါ်မှာသစ္စာရှိတာတို့ပေါ့။ ဒီတော့ ကိုယ့်အနေနဲ့က အချစ်ကံကောင်းချင်တယ်ဆိုရင်.. အချစ်ကံဆိုးခြင်းရဲ့ အဓိကသိရမယ့် အချက်တွေကိုသိပြီး ရှောင်သင့်တာ ရှောင်မယ်ဆိုရင် အချစ်ကံကောင်းလာမယ်ဆိုတာလည်း မလွဲဧကန်ပါပဲ။ အကုသိုလ်ကံတွေရှောင်ရင် ကုသိုလ်ဖြစ်လာသလိုပါပဲ။ ချစ်နေရတဲ့သူတွေမှာလည်း အချစ်ကံဆိုးတာတွေ ရှောင်လိုက်ရင် အချစ်ကံကောင်းတွေ ဖြစ်လာမှာပါ။ ဒီတော့ အဓိကအနေနဲ့ အချစ်ကံကောင်းချင်တယ်ဆိုရင်.. အချစ်ကံဆိုးခြင်းရဲ့ အဓိက အချက်တွေနဲ့ ဘာလို့အချစ်ကံဆိုးရတာလည်းဆိုတာ သိဖို့လိုအပ်ပြီပေါ့။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ တရားတော်တွေဟာ အကြောင်းတရားကိုပြပြီး ဟောပြဆုံးမတဲ့ အဆုံးမတွေပါ။ ဒီအကြောင်းတရားတွေကြောင့် ဒီအကျိုးတရားတွေခံစားရတယ်.. ဒီအကျိုးတွေမခံစားရချင်ရင် အကြောင်းတရားတွေ ကင်းအောင်လုပ်ဆောင်ပါဆိုတဲ့ အတိုင်းပါပဲ။ အချစ်ကံဆိုးခြင်းရဲ့ အကျိုးတွေမခံစားရချင်ရင် အချစ်ကံဆိုးခြင်းရဲ့အကြောင်းတရားတွေသိဖို့ အရေးကြီးပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ ကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ပတ်သက်တဲ့ အဆိုးကံတွေ အတိတ်ဘ၀က ကျူးလွန်ခဲ့လို့ပါ။ အတိတ်က ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်ကံလည်းပါဝင်သလို ယခုဘ၀ရဲ့ ရှေ့ပိုင်းအတိတ်ကံတွေလည်း ပါဝင်ပါတယ်။အချစ်ကံခေခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊ တနည်းအားဖြင့် အချစ်ရေးဖောက်ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက်၊ သို့မဟုတ် တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူတောင်နေတာပါ။ အဲ့ဒီ့ကံတွေ အကျိုးပေးတဲ့ဘ၀မှာ သေချာပေါက် အချစ်ကံတွေဆိုးနေအုံးမှာပါပဲ။

အချစ်ကံဆိုးခြင်းရဲ့ အဓိကအကြောင်းရင်းကို ဆရာတော်အရှင်ဆန္ဒာဓိကက ဟောပြဆုံးမ ထားပြန်ပါသေးတယ်..“အချစ်ကံဆိုးခြင်းရဲ့ အဓိကနောက်တစ်ချက်အနေနဲ့ကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်းပါပဲ။ ကိုယ့်မှာ ချစ်တယ်လို့ ဖွင့်ပြောထားပြီးသား တရားဝင်ချစ်သူရှိပါလျှက် တခြားတစ်ယောက်နဲ့ အီစီကလီ လုပ်တာမျိုး၊ ဘာလိုလို ညာလိုလို ရောတာမျိုး၊ တစ်ဖက်သားအပေါ် ရင်ထဲက တကယ်မချစ်ပါဘဲ ချစ်ဟန်ဆောင်တာမျိုး၊ တစ်ဖက်သားကိုယ့်အပေါ်မှာ ကြွေသွားအောင် စတာနောက်တာမျိုး၊ တစ်ဖက်သားရင်ထဲမှာ ကိုယ်ကိုခံစားသွားရအောင် ကလိတာ ရိတာမျိုး၊ အပျော်သဘောနဲ့ လူတကာအသည်း လှည့်ပတ်ခွဲတာမျိုး၊ အပေါင်းအသင်းတွေကြား တလွဲဂုဏ်ယူချင်စိတ်နဲ့ မြာပွေတာ၊ ရှုပ်တာမျိုး၊ ပုံလာလာ ပြောတိုင်းယုံတတ်တဲ့ အလွယ်ယုံသူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး၊ မဆွတ်ခင်က ညွတ်ချင်နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာချွဲနွဲ့ပြီး ကျောရရုံ ကြံတာမျိုး၊ တစ်သက်တာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် စားပြီးနားမလည် မသိချင်ယောင်ဆောင်တာမျိုး၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး စတဲ့ စတဲ့အချက်တွေကြောင့် အချစ်ကံဆိုးရတာပါ” လို့ ဆရာတော်က ဟောပြဆုံးမတော်မူပါတယ်။

နောက်တစ်ချက်အနေနဲ့ ဆရာတော်က လူအများစုမသိနိုင်တဲ့ တလွဲထင်ပြီး အကောင်းထင်နေတဲ့ အချစ်ကံဆိုးစေတဲ့ အချက်တွေကို ဟောပြဆုံးမထားပြန်ပါသေးတယ်။ “အချစ်ကံခေစေပြီး တလွဲအကောင်းထင်နေတဲ့ အလွဲအချက်တွေကတော့ အချစ်သ၀န်တိုခြင်း(သို့မဟုတ်) အချစ်သ၀န်ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက အခြားတစ်ယောက်၊ သို့မဟုတ် အခြားအယောက်ပေါင်း များစွာအပေါ် ကျယ်ပြန့်သန့်ရှင်းတဲ့ ချစ်မြင်းမေတ္တာတွေ မျှဝေပေးနေတာအပေါ် မနာလို မရှုဆိတ်ဖြစ်ပြီး ဟိုလူ့မချစ်ရ၊ ဒီလူ့မချစ်ရ၊ ဘယ်သူနဲ့မပေါင်းရ၊ ဘယ်ဝါနဲ့မပတ်သက်ရလို့ မနာလိုစကားတွေ ပြောကြားနေတာ၊ သ၀န်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်းပူးစုဆောင်းနေတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ကိုယ် မတော်မတရားစွပ်စွဲပြီး၊ သို့မဟုတ် ကိုယ့်စိတ်နဲ့နှိုင်းအရိုင်းသတ်မှတ်ပြီး ချစ်မင်မှုပျက်ပြားသွားအောင် လုပ်တာတွေဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေစေတဲ့ စိတ်ထားတွေပါပဲ” လို့ ဆရာတော်က ဟောပြဆုံးမထားပြန်ပါတယ်။ ဒီအချက်တွေဟာ လက်ရှိမျက်မှောက်အတွင်းမှာ အချစ်ကံဆိုးစေတဲ့ အချက်တွေကို ဆရာတော်က မြင်သာအောင် ဆွဲထုတ်ပြလိုက်တာပါပဲ။

နောက်အချစ်ကံဆိုးခြင်းကတော့.. ကိုယ်ကသစ္စာမေတ္တာတွေ စေတနာတွေမှန်ကန်စွာနဲ့ ချစ်ပေမယ့် ကိုယ်နဲ့တန်တဲ့စေတနာမျိုး ပြန်မရတဲ့ ချစ်ခြင်းတွေ ဆုံဆည်းကြရတဲ့ အချစ်ကံဆိုးခြင်းမျိုးပါ။ ငါဒီလောက်ချစ်တာ ငါ့ကိုပြန်မချစ်တာ ဘာလို့လဲဆိုတဲ့ အတွေးမျိုးပေါ့။ ငါဒီလောက်သူ့အပေါ်သစ္စာရှိတာ ငါ့ကိုဘာလို့ ပြန်ပြီးသစ္စာမရှိရတာလဲဆိုတဲ့ အတွေးမျိုးပါ။ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်.. မကောင်းတာလုပ်ရင် မကောင်းကျိုးရပါတယ်။ ဒါပေမယ့် ကောင်းတာတွေ လုပ်နေပေမယ့် ကောင်းတာတွေ မဖြစ်ကြသေးတာ ရှိကြသလို. ဆိုးတာတွေလုပ်နေပေမယ့်လည်း ဆိုးတာတွေမဖြစ်ကြသေးတာရှိတတ်ပါတယ်။ မကောင်းတာလုပ်တဲ့သူတွေပဲ ကောင်းစားပြီး ကောင်းတာလုပ်တဲ့သူတွေဆိုးနေရလို့ ငါလည်းမကောင်းတာလုပ်မယ်ဆိုရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ ဗုဒ္ဓရဲ့အဆုံးမတွေဟာ တစ်ဘ၀ထဲကိုကွက်ကြည့်ပြီး.. ကောင်းတာတွေလုပ်နေတာ ကောင်းတာလည်း ဖြစ်မလာဘူးလို့ ပြောလို့မရပါဘူး။ သံသရာနဲ့ နှိုင်းယှဉ်တွေးတောကြည့်ရမယ့် အသိဥာဏ်နဲ့ယှဉ်တဲ့ အဆုံးမတွေပါ။ လက်ရှိမှာ ကောင်းတာတွေလုပ်နေပေမယ့် ကောင်းတာတွေဖြစ်မလာတာဟာ အတိတ်ကံအကျိုးပေးတွေနဲ့ သက်ဆိုင်ပါတယ်။ အတိတ်ကံမှာ သူများချစ်ခြင်းပျက်ဆီးအောင်၊ သူတစ်ပါးချစ်ခြင်း ကွေကွင်းစေအောင် နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့တာတွေ၊ ကာမေသုကံကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေ၊ တစ်ပါးသူတွေ ချစ်ခင်နေကြတာကို စိတ်ဝမ်းကွဲအောင် ဂုန်းလျောခဲ့တာတွေ စသည့်အချက်တွေဟာ အချစ်ကံဆိုးခြင်းရဲ့ အတိတ်အကြောင်းတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ လက်ရှိအချစ်ကံတွေ ကိုယ်ကကောင်းအောင်လုပ်နေပေမယ့် အတိတ်ကဆိုးကံပါလာတဲ့အတွက် အချစ်ကံတွေ ဆိုးနေရတဲ့အချက်တွေပါပဲ။

အထက်ပါအချက်တွေဟာ အချစ်ကံဆိုးနေတဲ့သူတွေ အချစ်ကံကောင်းသွားစေနိုင်အောင်၊ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်မြတ်နိုးတတ်စေနိုင်ဖို့အတွက်.. ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ဟောပြဆုံးမချက်တွေပါပဲ။ တကယ်လည်း လက်ရှိမျက်မှောက်မှာ ဖြစ်ပျက်နေတဲ့ လက်ရှိအဖြစ်ပျက်တွေကို ဘုရားရှင်၏တပည့်သားတစ်ပါးတစ်နေနဲ့ လူငယ်တွေ လမ်းလွှဲမရောက်ရအောင် နားလည်လွယ်အောင် စေတနာမေတ္တာအပြည့်နဲ့ ဟောပြဆုံးမပေးတဲ့ အင်မတန် တန်ဖိုးရှိတဲ့ မေတ္တာစကားတွေပါပဲ။ တကယ်တော့ ကိုယ့်ချစ်သူအပေါ်မှာ စစ်မှန်တဲ့မေတ္တာနဲ့ သစ္စာရှိရှိ မချစ်နိုင်တာဟာ ဗုဒ္ဓဘာသာရဲ့အခြေခံအကျဆုံးဖြစ်တဲ့ ကံနဲ့ကံရဲ့အကျိုးကို မယုံကြည်ခြင်းပါပဲ။ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်.. မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ်ဆိုတဲ့ ကံနဲ့ကံရဲ့အကျိုးအပေါ်မှာ မယုံကြည်ခြင်းပါ။ ကိုယ်မဟုတ်တာလုပ်တာ သူသိတာမှတ်လို့ဆိုပြီး လုပ်ချင်တာလုပ်တာဟာ ကိုယ့်ကိုယ်ကိုမကြည်ညိုတဲ့စိတ်တွေ များသထက်များအောင် အားထုတ်နေတာနဲ့တူပါတယ်။ သူတစ်ပါးမသိအောင် လိမ်ညာနေရတဲ့အတွက်လည်း အနည်းဆုံး ဗုဒ္ဓဘာသာရဲ့အခြေခံဖြစ်တဲ့ ငါးပါးသီလတောင် ပျက်ပြားသွားရပါတော့တယ်။ ဒီတော့ တစ်လိမ်ပေါ် နှစ်လိမ်ဆင့်ပြီး အကုသိုလ်တွေများသထက် များရပါတော့တယ်။ အကုသိုလ်တွေများလာခြင်းရဲ့အကြောင်းဟာ အဆိုးကံတွေဖြစ်သထက်ဖြစ်ဖို့လမ်းကို အရောက်မြန်သွားစေတဲ့ အချက်ပါပဲ။ နောက်ဆုံးတော့.. ကိုယ်က သစ္စာမစစ်တဲ့အချစ်တွေ သူများကိုပေးတော့.. ကိုယ့်အပေါ်လည်း သစ္စာမရှိတဲ့အချစ်တွေ ပေးတဲ့သူနဲ့ပဲ ဆုံဆည်းကြရတော့တာပေါ့။

အထက်မှာဖော်ပြခဲ့တဲ့အကြောင်းရာတွေဟာ အချစ်ကံဆိုးစေတဲ့အချက်တွေနဲ့.. အချစ်ကံဆိုးစေတဲ့ အကြောင်းရင်းတွေပါပဲ။ လူသားအများစု မကင်းနိုင်တဲ့အချစ်ကို ဘယ်သူမဆို အချစ်ကံကောင်းချင်ကြမယ်ဆိုတာ မလွဲပါဘူး။ ဒါပေမယ့် ကိုယ်လုပ်ဆောင်နေတဲ့ အချစ်နဲ့ပတ်သက်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ အပြုမှုတွေဟာ အချစ်ကံဆိုးစေတဲ့အချက်တွေလား၊ ဒါမှမဟုတ် အချစ်ကံကောင်းစေတဲ့အချက်တွေလား ဆိုတာတော့ သေချာစမ်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ်ကအချစ်ကံကောင်းအောင် သစ္စာရှိရှိ အကောင်းကံတွေ ချစ်နေပေမယ့် အချစ်ကံတွေဆိုးလာရင်လည်း အတိတ်ကံအကြောင်းတရားတွေကြောင့် ဖြစ်လာတယ်ဆိုတာကို နားလည်လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်နေနဲ့ အတိတ်ကံလည်း ဆိုးတာတွေလျော့နည်းလာအောင်.. လက်ရှိတွေ့ကြုံနေတဲ့ အချစ်ကံဆိုးတွေကို အကောင်းကံအချစ်တွေ ဖြစ်သထက်ဖြစ်လာအောင် သစ္စာတရားကို လက်ကိုင်ထားခြင်းဟာ အဓိကအခြေခံအချက်ပါပဲ။

ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ ဟောပြဆုံးမပေးတဲ့ ဥပမာအတိုင်းဆိုရင်တော့.. အချစ်ကံတွေကောင်းပြီး အကောင်းကံတွေဖြစ်ချင်ရင်တော့ ပက်ပယ်စက်စက်ရိုးသားလိုက်စမ်းပါ ဆိုတာပါပဲ။ ဒီစကားလေးဟာ ရှင်းရှင်းလေးနဲ့ အင်မတန် လေးနက်ပါတယ်နော်။ ဒီတော့ ဘယ်သူတွေဘယ်လောက် သစ္စာမရှိနေနေ.. ဘယ်သူတွေပဲ မိုးခါးရေသောက်နေပါစေလေ.. ပြုသူအသစ်ခံရသူအဟောင်းဆိုတဲ့အတိုင်း ဆိုတာလေးကို အရင်ဆုံး နှလုံးသွင်ဆင်ခြင်လိုက်ပါ။ ကိုယ့်အပေါ် သစ္စာမရှိတဲ့အချစ်တွေနဲ့ ချစ်လာခဲ့ရင်လည်း ကိုယ်ပေးဆပ်ရမယ့် အဟောင်းကြွေးတွေကျေသွားအောင် ဆပ်ပေးတဲ့အတွက် ကျေကျေနပ်နပ်ခွင့်လွှတ်လိုက်ပါ။ သူ့အတွက်တော့ အကုသိုလ်ကံအသစ်တွေကို ဘ၀သံသရာမှာ ခန္ဓာနဲ့ပေးဆပ်အုံးမှာပါလားဆိုပြီး ဂရုဏာသက်လိုက်ပါ။ ကိုယ့်အနေနဲ့လည်း အချစ်ကံဆိုးတွေ ထပ်မဖြစ်ရအောင် ကိုယ်ချစ်ရတဲ့သူကို သစ္စာရှိရှိနဲ့ရိုးရိုးသားသား ချစ်လိုက်ပါလို့ ပြောချင်မိပါတယ်။ ကဲ.. အချစ်ကံဆိုးတွေ ပျောက်စေချင်တယ်ဆိုရင်တော့ အကောင်းကံတွေ အမြဲချစ်နိုင်အောင် ကြိုးစားလိုက်ပါလို့ ပြောလိုက်ပါရစေ။ အချစ်ကံဆိုးတွေနဲ့ ဝေးနိုင်ကြပါစေ..။

မှတ်ချက်။ ။ ဆရာတော်အရှင်ဆန္ဒာဓိက၏ “အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်” ဆိုတဲ့ဓမ္မစာအုပ်ကို မှီငြမ်းကိုးကား၍ ရေးသားထားပါသည်။

သူငယ်ချင်းကောင်း ရွေးပေါင်းစေချင် ...

သူငယ်ချင်းကောင်း ရွေးပေါင်းစေချင်




သူငယ်ချင်းကောင်း ရွေးပေါင်းစေချင်

ဆိုတဲ့ ဆောင်ပါးလေးတစ်ပုဒ်ကို ရေးသားတင်ပြပေးပါရစေ။ဘ၀မှာသူငယ်ချင်းကောင်းဘယ်လောက်အရေးကြီးသလဲ ဆိုတာ စာဖတ်ပရိသတ်တွေကို သိစေချင်လို့ ရေးသားတင်ပြပေးတာပါ။ မိမိ တို့ ဖြတ်သန်းနေကြရတဲ့ ဘ၀ တစ်လျှောက်မှာသူငယ်ချင်းကောင်း ဖြစ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိကြဖို့ အလွန်အရေးကြီးလှပါတယ်။ လောက မှာလူသားတိုင်း တစ်နေ့တာ ရဲ့ ခရီးစဉ်ကို နေ့စဉ်နေ့တိုင်း မသေ

ဆုံးသေးသ၍ ဖြတ်သန်းသွားနေကြရတဲ့ အခါအပေါင်းအသင်း သူငယ်ချင်း များစွာနဲ့ ပေါင်းသင်း ဆက်ဆံနေကြရပါတယ်။

စီပွားရေးရှာဖွေနေကြရတဲ့သူတွေ၊ တရားဓမ္မ ဗဟုသုတ ရှာဖွေနေကြရတဲ့သူတွေ အားလုံးအားလုံး
သူငယ်ချင်းကောင်း ဆိုတာ အရမ်းအရေးကြီးပါတယ်။ သူငယ်ချင်းကောင်းရင် ကောင်းသလောက် လိုရာ ခရီးရောက်နိုင်သလို မကောင်းရင် မကောင်းသလောက် မိမိ တို့ရဲ့ စီးပွား ဥစ္စာ အတတ်ပညာ ကုသိုလ်ရေး
အားလုံး ထိခိုက်နိုင်ပါတယ်။ မိမိတို့ ပေါင်းသင်း ဆက်ဆံနေကြရတဲ့ သူငယ်ချင်း တွေမှာ သူငယ်ချင်းကောင်း
နဲ့ သူငယ်ချင်းဆိုး နှစ်မျိုးရှိကြလေရာ ထို နှစ်မျိုးတွင် သူငယ်ချင်းဆိုးကို သူငယ်ချင်းကောင်းထင်ပြီး မပေါင်း
သင်းမိဖို့ အရေးကြီးသလို သူငယ်ချင်း ကောင်းကိုလည်း သူငယ်ချင်းဆိုး ထင်ပြီး တော့ ရှောင်မနေသင့် ဖို့
အလွန် အရေးကြီးလှပါတယ်။
ဒီ ဆောင်ပါးနဲ့ ပတ်သတ်ပြီး ဘုရားရှင် လက်ထက်တော်က အဇာတသတ်လို့ ခေါ်တဲ့ ရှင်ဘုရင်ကြီးကို
လေ့လာကြည့်ကြပါ၊ နမူနာ သင်ခန်းစာအဖြစ် ယူကြပါ၊ ဒေ၀ဒတ် လို့ခေါ်တဲ့ သူငယ်ချင်း ဆိုး သူငယ်ချင်း
ယုတ် နှင့် အတူတကွ ပေါင်းသင်းဆက်ဆံ မိတ်ဆွေလုပ်မိတဲ့ အတွက်ကြောင့် မပြုသင့် မပြုထိုက်တာ၊
မကျူးလွန်သင့် မကျူးလွန်ထိုက်တာများကို ကျူးလွန်ခဲ့ ပြုလုပ်ခဲ့တာ စာဖတ်ပရိသတ်များ သိရှိ ပြီးသား
ဖြစ်ပါလိမ့်မယ်၊ အဇာတသတ်က သူငယ်ချင်းဆိုးကို သူငယ်ချင်းကောင်း ထင်ပြီး ပေါင်းသင်း ဆက်ဆံခဲ့တဲ့
အတွက် ကမ္ဘာတစ်သိန်းက ဖြည့်လာခဲ့တဲ့ ပါရမီတွေ အကုန် ဆုံးရှုံး ခဲ့ရရှာသလို သဗ္ဗညုရှင်တော် မြတ်ဘုရား
နဲ့ တွေ့ဆုံခွင့် ရခဲ့ပေမယ့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ကို မရဘဲ ငရဲ ရောက်ခဲ့ရရှာပါတယ်။ ဘာ့ကြောင့် ငရဲ
ရောက်ခဲ့ရသလဲ ဆိုတာကို စာဖတ် ပရိသတ်တွေ သိလောက်ပါပြီ ၊ သူငယ်ချင်း ဆိုး သူငယ်ချင်းယုတ်
ကြောင့် ပေါ့နော်..။
ဒီတော့ ပြောလိုတာက စာဖတ်ပရိတ်တွေ အနေနဲ့ သူငယ်ချင်း ကောင်း ဆိုတာ ဘယ်လို
ပုဂ္ဂိုလ်မျိုးကို ခေါ်မလဲ၊ သူငယ်ချင်း ယုတ် ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်မလဲ၊ ဒါကို ဒီဃနိကာယ်
ပါထိက၀ဂ် မှာ ဘုရား ဟောထားတာရှိပါတယ်၊ သူငယ်ချင်းကောင်း နဲ့ သူငယ်ချင်း ဆိုး ကို ခွဲခြားပြီး သိတတ်
မြင်တတ် ရွှေးချယ် တတ် ပေါင်းသင်း တတ် အောင် သိဖို့ သိပ်အရေးကြီးပါတယ်။
သူငယ်ချင်းကောင်း ကျင့်ဝတ်ငါးပါး
( ၁ ) ကိုယ့် သူငယ်ချင်း တွေကို တတ်နိုင်တာ ပေးကမ်းဝေငှ သုံးစွဲစေခြင်း၊
(၂ ) ဆင်းရဲ လဲ အတူတူ ချမ်းသာလဲ အတူတူ တန်းတူ ဆက်ဆံစေခြင်း။
(၃ ) ကိုယ့် သူငယ်ချင်း ရဲ့ အကျိုးကို လိုလိုလားလား ဆောင်ရွက်ပေးခြင်း။
(၄ ) စကားပြောတဲ့အခါ ချိုချိုသာသာ ပြောဆိုဆက်ဆံခြင်း။
(၅ ) ကိုယ့် သူငယ်ချင်း အပေါ်မှာ ဂတိ သစ္စာ ရှိခြင်း။
သူငယ်ချင်း ကောင်းဆိုရင် ဒီ ကျင့်ဝတ်ငါးပါး နဲ့ ပြည့်စုံရမယ်။
သူငယ်ချင်း ယုတ်ရဲ့ သဘောထား ၄ မျိုး
( ၁ ) ကိုယ့် သူငယ်ချင်းကို ဘာမှ မပေးဘဲ ကိုယ်ကသာယူဖို့ ဘဲ သိတဲ့ သူငယ်ချင်း၊
( ၂ )အပြောသာ ကောင်းပြီး လက်တွေ့ မပါတဲ့ သူငယ်ချင်း၊
( ၃ )တစ်ဘက်သား အကြိုက်ကို လိုက်ပြောပြီး ပေါင်းတတ်တဲ့ သူငယ်ချင်း၊
( ၄ ) ပျက်ဆီးရာ ပျက်ဆီးကြောင်းတွေပဲ ပြောပြီး ဆွဲဆောင်တတ်တဲ့သူငယ်ချင်း၊
ဒီ လေး မျိုးကတော့ တစ်သက်လုံး မပေါင်းရမဲ့ သူငယ်ချင်း ယုတ်တွေပဲ ဖြစ်ပါတယ်။
သူငယ်ချင်း ဆိုးကြောင့် မကောင်းတဲ့ အကျိုးတရား များကို ခံစားခဲ့ရကြောင်း တင်ပြပြီးတော့ သူငယ်ချင်း ကောင်းများနဲ့ ပေါင်းသင်း ခဲ့တဲ့ အတွက် ဘယ်လို အကျိုးတရားတွေရခဲ့သလဲ ဆိုတာ ကို တင်ပြ
ပေးပါအုံးမယ်။
ဘုရားရှင်က သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် မှာလဲ ဟောတော်မူတယ်၊ သဂါထာဝဂ္ဂသံယုတ် ပါဠိတော် ကောသလသံယုတ်မှာလဲ ဒီအကြောင်း နဲ့ ပတ်သတ်လို့ ဟောထားပါတယ်၊
အရှင်အာနန္ဒာ တစ်ပါးတည်း တိတ်ဆိတ် တဲ့ နေရာ ငြိမ်းချမ်းတဲ့နေရာလေးမှာ ထိုင်ပြီး စဉ်းစား
နေတော်မူတယ်..တဲ့၊ အရှင်အာနန္ဒာ စဉ်းစားနေတော်မူတာက သောတာပတ္တိမဂ်ဉာဏ် ကို ရတဲ့နေရာမှာ
သူငယ်ချင်းကောင်း လို့ ခေါ်တဲ့ ကလျာဏ မိတ်ဆွေ ကြောင့် ရလာမယ် အကျိုးတရားက တစ်ဝက်၊
မိမိ ဘာသာ ကြိုးစား အားထုတ်လို ရလာတဲ့ အကျိုးတရားက တစ်ဝက်၊ တစ်နည်း ဆိုရသော် သူငယ်ချင်း
မိတ်ဆွေ ကြောင့် ဥစ္စာ ပညာ ကုသိုလ် စသော အကျိုးတရားများစွာ ရလာတာက ရာခိုင်နှုန်း ၅၀ ၊
မိမိ တို့ ကိုယ်တိုင် ဇွဲ လုံ့လ ၀ီရိယ တို့ဖြင့် ကြိုးစား လို့ ရလာတာက ရာခိုင်နှုန်း ၅၀၊ သူငယ်ချင်း ကောင်း
လို့ ရလာတာက တစ်ဝက်၊ ကိုယ့် ကြိုးစားလို့ ရလာတာက တစ်ဝက် လို့ အရှင်အာနန္ဒာ က စဉ်းစားနေ
တော်မူသတဲ့...။ သို့သော် အရှင်အာနန္ဒာက အခု ငါ စဉ်းစားနေတာ သူငယ်ချင်း ကောင်းဆိုတဲ့ ပုဂ္ဂိုလ်
က တစ်ဝက်၊ကြိုးစား အားထုတ်တဲ့ ပုဂ္ဂိုလ်က တစ်ဝက် လို့ ငါ ထိုကဲ့သို့ စဉ်းစားနေမိပါလား..၊ဤကဲ့သို
ငါ စဉ်းစားနေခြင်းသည် မှန်သော်လဲ မှန်နိုင်၏၊ မှားသော်လဲ မှားနိုင်ပေလိမ့်မည်။ မြတ်စွာဘုရားကို လျှောက်
ထားကြည့်လျှင် အဖြေမှန်ကို ငါ ရနိုင်ပေလိမ့်မည် ဟု ဆက်၍ စဉ်းစားတော်မူသတဲ့...။ဤသို့အားဖြင့်
အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို ဆက်၍ လျှောက်ထားလေ၏၊ မြတ်စွာဘုရား သောတာပတ္တိမဂ်
ဉာဏ်နှင့်တကွ ကုသိုလ် ပညာ ဥစ္စာ အဖြာဖြာတို့ကို ရတဲ့နေရာမှာ သူငယ်ချင်းကောင်း မိတ်ကောင်းဆွေ
ကောင်း ဟာတစ်ဝက်၊ ကိုယ်ကြိုးစား အားထုတ်လို့ ရရှိလာတာက တစ်ဝက် လို့ တပည့်တော် ထင်ပါတယ်
ဘုရား လို့ လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက
မာဟေ၀ံ အာနန္ဒ၊ မာဟေ၀ံအာနန္ဒ သကလမေ၀ ဟိဒံ အာနန္ဒ ဗြဟ္မစရိယံ
ယဒိဒံ ကလျာဏ မိတ္တတာ ကလျာဏ သဟာယတာ ကလျာဏ သမ္ပ၀င်္ကတာ။ လို့
မိန့်တော်မူပါတယ်။ တစ်ဝက် ကိစ္စပြီးတာ မဟုတ်ပါဘူး အာနန္ဒာ ကလျာဏ မိတ္တ မိတ်ကောင်း ဆွေကောင်း
သူငယ်ချင်းကောင်း ရှိတယ်ဆိုတာ တစ်ဝက်သာ ပြီးတာ မဟုတ်ဘူး အလုံစုံ ကိစ္စတွေ ပြီးနိုင်တယ် အာနန္ဒာ
ချစ်သားအာနန္ဒာ မိတ်ကောင်းဆွေကောင်းသူငယ်ချင်းကောင်း ဆိုတဲ့ ငါ ဘုရားရှင်ကို အမှီ ပြုကြ၍
ပဋိသန္ဓေနေရခြင်း သဘောမှ သတ္တ၀ါ တွေ လွတ်မြောက်ကြရတယ်။ အိုရခြင်း သဘောတရား ၊ နာရခြင်းသ
ဘောတရား၊ သေရခြင်းသဘောတရား တွေမှ သတ္တ၀ါတွေ လွတ်မြောက်ကြရပါတယ်၊ စိုးရိမ် ပူဆွေးငိုကြွေး
ခြင်းတို့မှ လည်း လွတ်မြောက်ကြရတယ် လို့ ဘုရားရှင် မိန့်တော်မူပါတယ်။
ဒီနေရာမှာ စိုးရိမ်ပူဆွေးငိုကြွေးခြင်းတို့ ဘယ်လိုလွတ်မြောက်သလဲဆိုတာ ဇာတ်လမ်းကို
စိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်တွေ အတွက် ဇာတ်ကြောင်းလေးတစ်ပုဒ်လောက်ထုတ်ပြပါဦးမယ်၊ ပဋာစာရီ
ရဲ့ စိုးရိမ် ပူဆွေး ငိုကြွေးခြင်း ဖြစ်ခဲ့ရပုံ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေ သိတဲ့အတိုင်း
ပဋာစာရီ ဖြစ်ပုံက အမေ လဲ သေတယ်၊ အဖေ လဲ သေတယ်၊ မောင်လဲ သေတယ်၊ ခင်ပွန်းလဲ သေတယ်၊
သားလေး နှစ်ယောက်လဲ သေတယ်၊ ဒုက္ခ မျိုးစုံနဲ့ တွေ့ပြီး ပဋာစာရီ ရူးသွားခဲ့တယ်၊ ကမ္ဘာတစ်သိန်း ထက်က
ပါရမီ ဖြည့်လာတဲ့ ပါရမီ ရှင်ကြီး လို့ ဆိုပါတယ်၊ ဂေါတမ ရှင်တော် မြတ်ဘုရား လက်ထက်မှာ ၀ိနည်းတော်
နဲ့ ပတ်သတ် လို့ ၀ိနယဓရ ဧတဒဂ် ရမယ့် ရဟန္တမလောင်းကြီး လို့လဲ ဆိုပါတယ်၊ ဒီဘ၀မှာ ရဟန္တာဖြစ်မယ့်
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်သော်လဲ စိုးရိမ် ပူဆွေး သောက ပဋိဒေ၀ တွေ နဲ့ တွေ့လာတော့ အရူးမဖြစ်ခဲ့ရရှာ
ပါတယ်၊ တစ်နည်းဆိုရသော် သူငယ်ချင်း မိတ်ဆွေကောင်း ဆိုတဲ့ ဘုရားရှင်နဲ့ မတွေ့သေးလို့ ရူးခဲ့ရရှာပါ
တယ်၊ အရူးမ ရဲ့ ပုံစံ ကိုတော့ ပုံဖော်ပြမနေတော့ပါဘူ ၊ အရူးမ ဆိုတဲ့ အတိုင်း တောင်ပြေး မြောက်ပြေး
ပေါ့နော် ၊ ပြေးလိုက် ၊ တောင်းလိုက်၊ စားလိုက်နဲ့ ပြေးရင်း လွှားရင်းနဲ့ ဘယ်သူနဲ့ တွေ့သလဲ ဆိုတော့ သူငယ်
ချင်းကောင်းနဲ့ တွေ့သွားတယ်၊ မြတ်စွာဘုရား ဆိုတဲ့ လလျာဏမိတ္တ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်း
ကောင်း နဲ့တွေ့သွားတယ်။
မြတ်စွာဘုရားက ပလ္လင်တော်မြတ်ပေါ်မှာ တရားဓမ္မတွေ ဟောကြားနေခိုက်၊ ပဋာစာရီ က ပြေးရင်း
လွှားရင်းရောက်လာတဲ့အခါ မြတ်စွာဘုရားက လှမ်းကြည့်ပြီး ခေါ်တော်မူလိုက်တယ်၊ ချစ်သမီး ပဋာစာရီ
လာခဲ့ လာခဲ့ လို့ ဘုရား ခေါ်တဲ့အခါ ဒီနေရာမှာ ပဋာစာရီ ရဲ့ အတိတ်ကြောင်းလေး နည်းနည်းပြောချင်ပါသေးတယ်၊ ပဋာစာရီ ဟာ ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရားထံမှာ သင်္ကန်းလှူဒါန်း ပြီးတော့ နောင်တစ်ဆူ သော ဘုရားထံမှာ ၀ိနည်း ဓိုရ် ဧတဒဂ် ရတဲ့ ဘိက္ခုနီမ ဖြစ်ပါရစေ လို့ ဆုတောင်းလာခဲ့ သတဲ့..နော်။
ဒါကြောင့် မြတ်စွာဘုရား ရှင်က ခေါ်တော်မူလိုက်တဲ့အခါ ပဋာစာရီ က မြတ်စွာဘုရား ကို လှမ်း
ကြည့်လိုက်တယ်၊ မြတ်စွာဘုရား က ချစ်သမီး ပဋာစာရီ သတ္တ၀ါ တစ်ယောက် သောက ရောက်လို့ ငိုကြွေး
ရတဲ့ မျက်ရည်ကို စုထားမယ် ဆိုရင် သမုဒ္ဒရာလေးစင် မှာရှိတဲ့ ရေတွေ က နည်းပါသေးတယ်၊ ချစ်သမီး တို့
ကျခဲ့ရတဲ့ မျက်ရည်တွေက သမုဒ္ဒရာ လေးစင်းက ရေတွေ ထက် တောင် မကပါဘူး..တဲ့၊ ချစ်သမီး ပဋာစာရီ
သင် ဘာကြောင့် မေ့လျော့နေရသလဲ လို့ ပြောလိုက်တော့ ပဋာစာရီ သတိ တွေရလာတယ်။
တရားနာပရိသတ်ထဲက တစ်စုံတစ်ယောက်က အ၀တ်ကလေး တစ်ခု ပစ်ပေးလိုက်တယ်၊
အဲဒီ အ၀တ်ကလေး ပတ်ပြီးတော့ မြတ်စွာ ဘုရား ခြေတော် အစုံ ပြေးပြီးတော့ ဘုရားတပည့်တော်မ ကို
ကယ်တော်မူပါဘုရား..လို့ ဆိုတော့ မြတ်စွာဘုရားက တရားဟော ပါတယ်။
နသန္တိ ပုတ္တာ တာဏာယ နပိတာ နာပိ ဗန္ဓ၀ါ အန္တကေ နာဓိပန္နဿ နတ္ထိ ဉာတီသုတာဏတာ။
ဧတ မတ္တ၀သံ ဉ တွာ ပဏ္ဍိတော သီလ သံဝုတော နိဗ္ဗာန ဂမနံ မဂ္ဂံ ခိပ္ပ မေ၀ ၀ိသောဓယေ။
တဲ့..။ ဒီ တရားဒေသနာ အဆုံးမှာ ပဋာစာရီ သောတာပန် ဖြစ်တော်မူသတဲ့..။ မြတ်စွာဘုရားက ပဋာစာရီ
ကို သေမယ့် ဘေး တွေ့လာပြီးဆိုရင် မသေအောင် ကာကွယ်စောင့်ရှောက်တတ်တဲ့ သားလဲ မရှိပါဘူး ၊
သမီးလဲ မရှိပါဘူး၊ အမေလဲ မရှိပါဘူး ၊ အဖေ လဲ မရှိပါဘူး၊ သေ ဘေးနဲ့ တွေ့လာရင် သား ကိုလဲ အားကိုး
လို့ မရပါဘူး၊ သမီးကိုလဲ အားကိုး မရပါဘူး ၊အမေ ကိုလဲ အားကိုးလို့ မရပါဘူး ၊ အဖေ ကိုလဲ အားကိုး လို့
မရပါဘူး၊ လို့ ဘုရား ရှင် ဟောကြားတဲ့ ဒေသနာ အဆုံး နိဂုံး ချုပ်တဲ့အခါ ပဋာစာရီ လည်း သောတာပန် ဖြစ်
တယ်၊ သူငယ်ချင်းကောင်း ဆိုတဲ့ ကလျာဏ မိတ္တ ကိုရတဲ့ အတွက်ကြောင့် သဗ္ဗညု မြတ်စွာဘုရားဆိုတဲ့
ကလျာဏ မိတ်ဆွေကောင်းကို ရတဲ့ အတွက် ပဋာစာရီ ရဲ့ ရင်ထဲမှာ ခံစား နေရတဲ့ သောက ပရိဒေ၀ တွေ
လွတ်မြောက်သွားရတယ်။
ဒီ ဇာတ်လမ်းနှင့် တကွ အရှင်အာနန္ဒာ ရဲ့ တွေးပုံ မြတ်စွာဘုရား ရဲ့ ဖြေကြားပုံ များ ကို
ရူမြင်သုံးသပ်သောအားဖြင့် လောကတွင် မိတ်ကောင်း ဆွေကောင်း သူငယ်ချင်း ကောင်းသည် ရာခိုင်နှုန်း
(၁၀၀) လုံးလုံး အရေးပါအရာရောက်ကြောင်း သိမြင် နိုင်ပေတော့သည်။ ထိုကြောင့် သူငယ်ချင်း ကောင်း
များကို ငွေဖြင့် မလဲ နိုင်သလို ငွေ သည် ရှာ၍ ရနိုင်သော်လည်း သူငယ်ချင်း ကောင်းကို ရှာတွေ့ဖို့ မလွယ်
ကူနိုင်ပေ။ သူငယ်ချင်း ကောင်းလျှင် ကောင်းသလောက် ကုသိုလ် ပညာ ဥစ္စာ တိုးသထက် တိုးပွားနိုင်မည်
ဖြစ်သလို နောက်သံသရာ အတွက်လည်း ကောင်းလိမ့်မည်ဟု စာဖတ်ပရိသတ်တို့ ရင်ထဲတွင် မမေ့ သင့်
တော့ပေ။
စာဖတ်ပရိသတ် အားလုံး သူငယ်ချင်းကောင်းနှင့် တွေ့စုံကြ၍ ပေါင်းသင်း နိုင်ကြပါစေသော်..။

ရေးသားတင်ပြသူ- အရှင်နန္ဒမဉ္ဇူ

ဘ၀ အာမခံချက် ရှိနိုင်သည့် ဘွဲ့များ

ဘ၀ အာမခံချက် ရှိနိုင်သည့် ဘွဲ့များ


ဆရာဝန် (ဆေးနဲ့သွား)
ဆေးနဲ့ သွားကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လေ့လာသင်ယူရတာ ခက်ခဲသလို၊ ဘွဲ့ရရင်လည်း အောင်မြင်တဲ့ ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ဆိုတာ ကတော့ ဘ၀အာမခံချက် အရှိဆုံးဘွဲ့တစ်ခုအနေနဲ့ သတ်မှတ်ထားခြင်း ခံနေရဆဲဖြစ်ပါတယ်။ လူဆိုတာက အိုခြင်း နာခြင်းကင်းနိုင်တဲ့သူတွေ မဟုတ်တော့ ဆရာဝန်အလုပ်ဆိုတာ ခေတ်အဆက်ဆက် အာမခံချက်ရှိနေဦးမှာပါပဲ။ လစာကလည်း အတော်လေးကောင်းတယ်။ ဗြိတိန်ငွေ ပေါင်စတာလင်နဲ့ တွက်မယ်ဆိုရင် ပေါင် ၄၀၀၀၀ လောက် တစ်နှစ်ကိုဝင်ငွေရှိတယ်။ ဒါက အောင်မြင်နေတဲ့ ဆရာဝန်ကြီးတွေရဲ့ ဝင်ငွေပါ။ ဆရာဝန်ပေါက်စတွေတောင် တစ်နှစ်ကို ပေါင် ၂၂၀၀၀ လောက်ရတယ်လို့ ဆိုပါတယ်။ ဒီနေ့ပေါက်ဈေးနဲ့ တွက်ရင် တစ်ဒေါ်လာကို ၁ ဒသမ ၆၁ ပေါင်နဲ့ ညီတယ်ဆိုတော့ တစ်နှစ်ကို ဆရာဝန်တစ် ယောက်ဟာ အနိမ့်ဆုံး ဒေါ်လာ ၃၅၄၂၀ လောက်ရတယ်ဆိုတဲ့သဘောပါ။ မြန်မာငွေနဲ့ တွက်ရင်တော့ တစ်နှစ် သိန်း ၃၀၀ ကျော်ပေါ့။ ငွေရပေါက်ကောင်းပေမယ့် သင်တန်းရက်ရှာကြာ၊ သင်ယူရတာခက်ခဲ၊ အောင်မြင်ဖို့လည်းခက်တာကြောင့် ဒီအလုပ်ကို စဉ်စားကြတယ်လို့ဆိုတယ်။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်ဝင်တန်း နဲ့ အမှတ်ကိုဖြတ်ချပြီးမှ ဆရာဝန်ဖြစ်နိုင်တာဆိုတော့ ဂုဏ်ထူးများမှ စိတ်ချရတဲ့သဘော ရှိနေပါတယ်။
 ဗိသုကာ
ဗိသုကာတစ်ယောက်ရဲ့ တစ်နှစ်ပျမ်းမျှ ဝင်ငွေဟာ စတာလင်ပေါင် ၃၉၇၅၁ ရှိတယ်လို့ဆိုပါတယ်။ ဗိသုကာတစ်ယောက် ဖြစ်ဖို့ အနည်းဆုံး ၇ နှစ်လောက် ပညာသင်ရတယ်။ BArch သို့မဟုတ် DipArch ဘွဲ့ရမှ မဟုတ်ရင် ရပ်တည်ဖို့ မလွယ်ပါဘူး။ ဒါတောင် အရည်အချင်းကစကားပြောပါ တယ်။ ကျော်ကြားရင် ကျော်ကြားသလောက် ဘ၀အတွက် အာမခံချက် ရှိတာကြောင့်လည်း ရင်းနှီးသူတွေ ဒုနဲ့ဒေးရှိတယ်လို့ သိရပါတယ်။

အင်ဂျင်နီယာ
အင်ဂျင်နီယာဆိုတဲ့နေရာမှာ လိုင်းစုံကိုပြောတာပါ။ တစ်နှစ်ပျမ်းမျှလစာ စတာလင်ပေါင် ၃၉၅၂၈ လောက်ရတယ်။ မြို့ပြ၊ လျှပ်စစ်၊ ဆောက်လုပ်ရေး အားလုံးပါတယ်။  နာနိုခေတ်ဖြစ်လာတော့ နာနိုနည်းပညာဆိုင်ရာ အင်ဂျင်နီယာတွေလည်း ရေပန်းစားတယ်။ ဟိုက်ဒြို အီလက်ထရောနစ်ဆည် တည်ဆောက်ရေး စနစ်တွေကလည်း မြို့ပြအင်ဂျင်နီယာတွေအတွက် စိန်ခေါ်စရာဖြစ်လာတယ်။ နေ့စဉ်ဘ၀မှာလည်း မြက်ခင်းကို ပြုပြင်ထိန်းသိမ်းတဲ့နေရာကအစ အဝတ်လျှော်စက်ပြုပြင်တဲ့အဆုံး အင်ဂျင်နီယာတွေ၊ စက်မှုလက်မှု ပညာရှင်တွေရဲ့ အခန်းကဏ္ဍက အရေးအပါဆုံးဖြစ်နေတာကြောင့်  အင်ဂျင်နီယာအလုပ်လည်း လူကြိုက်အများ ဆုံးဖြစ်လာရပါတယ်။ ကွန်ပျူတာလောကမှာဆိုရင်လည်း ဆော့ဖ်ဝဲအင်ဂျင်နီယာဆိုသူတွေက အရေးအပါဆုံး ဖြစ်နေပါသေးတယ်။

ဓာတုဗေဒနှင့် စွမ်းအင်အင်ဂျင်နီယာ
အင်ဂျင်နီယာနဲ့ သိပ္ပံဘွဲ့တွေကတော့ ထိပ်ဆုံးမှာ လူကြိုက်အများဆုံး ဘွဲ့တွေဖြစ် နေပါသေးတယ်။ လက်ရှိ အမေရိကန်မှာလည်း သိပ္ပံနဲ့ နည်းပညာ ကော်မတီက ဒီပညာရပ်တွေကိုပဲ အဓိကဦးစားပေး သင်ကြားပေးရန်နဲ့ ဒီဘာသာရပ် ဘွဲ့ရတွေကို နေရာပေးရန်ဆိုတဲ့ စီမံချက်တွေကို ရေးဆွဲပြီး အကောင်အထည်ဖော်နေကြတယ်။ သူတို့ အလေးထားပုံကတော့ “အလျှင် အမြန်၊ ချက်ချင်း” အဆင့်လို့တောင် သတ်မှတ်ထားတယ်လို့ ဆိုတယ်။ ဓာတုအင်ဂျင် နီယာဆိုတာက စွမ်းအင်နဲ့လောင်စာ အရေးပါနေတဲ့ခေတ်မှာ အလုပ်မရှားပါဘူး။ တစ်နှစ်ကို ပေါင်စတာလင် ၃၈၅၃၈ လောက်ရတယ် ဆိုတာကြည့်ရင် အရေးပါပုံကို သိနိုင်ပါတယ်။

တောင်အာရှ ဘာသာရပ်လေ့လာခြင်း
ကမ္ဘာ့ဘာသာရပ်တစ်ခုအနေနဲ့ အိန္ဒိယနဲ့ တောင်အာရှဒေသ များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို လေ့လာရန်ဆိုတာ ပိုပြီးအရေးပါလာတယ်။ ဒါကြောင့် တောင်အာရှ ဘာသာစကားတွေကို ကျွမ်းကျင်စွာတတ် မြောက်သူတွေ အလုပ်မ ရှားဖြစ်လာတယ်။  ဘာသာဗေဒဆိုင်ရာ သဘော၊ တည်ဆောက်ပုံ၊ သဒ္ဒါအသုံး အနှုန်း လေ့လာခြင်းတွေအပြင် ဒေသဆိုင်ရာ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာတတ်ကျွမ်းသူတွေ နေရာရလာကြပါ တယ်။ အရှေ့တောင်အာရှ ကျွမ်းကျင်သူဆိုတဲ့ ရာထူးတွေကို ပိုင်ဆိုင် ထားသူတွေ တစ်နှစ်ကို လစာ စတာလင် ပေါင် ၃၈၅၁၆ လောက်ရတာတွေ့ရပါတယ်။

ဓာတ်သတ္တု နည်းပညာကျွမ်းကျင်
ဓာတ်သတ္တုနဲ့ သဘာဝ ဓာတ်ငွေ့တူး ဖော်ရေးကို အထူးပြုယူထားသူတွေရဲ့ ၃၃ ရာခိုင်နှုန်းလောက်ဟာ ကျောင်းပြီးတာနဲ့ အလုပ်ရ တယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေမှာ အကြံပေးနိုင်သူတွေ သို့မဟုတ် ကျွမ်းကျင်ပညာရှင် တွေဖြစ်လာရင် တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက်ရတယ်လို့သိရတယ်။ ဒီလောကမှာ အမြင့်ဆုံးလစာ ကို ပိုင်ဆိုင်ထားတဲ့ ပညာရှင်တစ်ယောက်ဆိုရင် တစ်နှစ်လစာ စတာလင်ပေါင် ၄၂၃၀၅ လောက်ရရှိတယ်လို့ဆိုပါတယ်။

ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်
ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင် ပညာရှင်ဆိုတာက လုပ်သား အင်အားစီမံခွဲဝေနိုင်မှု၊  အလုပ်ရှင် အလုပ်သမား စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သူ၊ ဝန်ထမ်းနေရာချထားရေး လုပ်ငန်းတွေမှာ ကျွမ်းကျင် သူတွေ ဖြစ်ရပါလိမ့်မယ်။ သူ့သက်ဆိုင်ရာ စီမံခန့်ခွဲရေး ဘာသာရပ်ဆိုင်ရာ ဘွဲ့တွေ ရရှိထားဖို့လိုပါတယ်။ ကျွမ်းကျင်စီမံခန့်ခွဲသူတွေဟာ တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက် ရရှိကြပါတယ်။

 မြို့ပြအင်ဂျင်နီယာ
သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်ကျွမ်းကျင်တွေဟာ အထူးသဖြင့် STEM (science, technology, engineering, maths) လို့ သူတို့နိုင်ငံတွေမှာ အမွှမ်းတင်ထားတဲ့ ဘာသာရပ်တွေမှာ ဘွဲ့ရ ထားသူတွေဟာ ရွှေမရှား၊ ငွေမရှားဖြစ်နိုင်ပါတယ်။ မြို့ပြအင်ဂျင်နီယာတွေကို မြို့ကြီးပြကြီးတွေမှာ အလွန်လို အပ်နေပါတယ်။ တစ်နှစ်ကို ပေါင်စတာလင် ၃၆၉၀၄ လောက်ရကြပါတယ်။


 လုပ်ငန်း အကောင် အထည်ဖော်ရေး ကျွမ်းကျင်ပညာရှင်
သူတို့ဆီမှာတော့ operational research လို့ခေါ်ပါတယ်။ လုပ်ငန်းတစ်ခုလုပ်ဆောင်ရန်အတွက် အဆုံးအဖြတ် ပေးနိုင်သူများလို့ လန်ကက်စတာတက္ကသိုလ် စီမံခန့်ခွဲရေး ကျောင်းကတော့ အဓိပ္ပာယ်ဖွင့်ပါတယ်။ စီးပွားရေး ဆိုင်ရာ ဘွဲ့တစ်ခုခုကို ရရှိထားပြီး  လုပ်ငန်းနယ်ပယ်၊ ဈေးကွက်စတာတွေကို ဝေဖန်သုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိပြီး လုပ်ငန်းအပေါ် များစွာအထောက်အကူပြုနိုင်သူတွေလို့ သတ်မှတ်ထားခြင်းခံရပါတယ်။  တစ်နှစ်ကို ပေါင်စတာလင် ၃၆၅၄၀ လောက်ရပါတယ်။

ဂျပန်ဘာသာကျွမ်းကျင်သူ
ဂျပန်ဘာသာဟာ နိုင်ငံခြားဘာသာ လေ့လာသူတွေစာရင်းမှာ ထိပ်တန်း ၁၀ ဘာသာစာရင်းဝင်ဖြစ်လာပါပြီ။ ဂျပန် ဘာသာစကားနဲ့ ယဉ်ကျေးမှု၊ အနုပညာကို လေ့လာသူတွေ များလာတဲ့အလျောက် ဂျပန် ဘာသာကို သင်ကြားပေးနိုင်သူတွေ တစ်နှစ်လစာ စတာလင်ပေါင် ၃၆၄၃၇ လောက်ရနိုင်ကြောင်း သိရပါတယ်။ ဘွဲ့ရ တဲ့အချိန်ကနေ အသက် ၆၅ နှစ်လောက်အထိ ဂျပန်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာတွေကို သင်ကြားပေးတဲ့ ဆရာအဖြစ် ရပ်တည်နိုင်တာကြောင့် ဝင်ငွေကောင်းပြီး ဘ၀အတွက်ပါ အာမခံချက်ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဂျပန်မှာတော့ ဥပဒေဘွဲ့ရတွေဟာ အမှတ်စဉ် ၃၇ လောက်ချိတ်ပါတယ်။ ဘွဲ့ရ ပြီးရင် အလုပ်အများဆုံးရနိုင်တဲ့ ဘွဲ့ကလည်း ရှေ့နေအလုပ်ဖြစ်နေပါတယ်။ ၄၆ ရာခိုင်နှုန်းလောက်ရတယ်လို့ဆိုပါတယ်။
မှတ်ချက်
အထက်ပါစာရင်းဇယားများကို ထုတ်ပြန်နိုင်ရန်အတွက် HESA (Higher Education Statistics Agency) မှ ဘွဲ့ရ ကျောင်းထွက်သွားသူ ၁ ဒသမ ၅ သန်းကို မေးခွန်းများ မေးမြန်းပြီး စာရင်းပြုစုခဲ့ခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းအတွက် မေးမြန်းဆောင်ရွက်သူ ၅၃ ဦးကို ခန့်ထားပြီး ဘွဲ့ရသည်မှ အသက် ၆၅ နှစ်အတွင်း လေ့လာချက်အရ ပြုစုထားသည့် ရလဒ်များဖြစ်ကြောင်း သိရသည်။ အချက်အလက်များကို http://www.bestcourse4me.com/ တွင် အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါသည်။

Credit::မောက္ခပညာရေးမဂ္ဂဇင်း

ဒါနနဲ့ သီလဟာလိုပါတယ် ......


(ဒါန ၊ သီလ ၊ ဘာဝနာ ၊ သုံးခုမှာဘယ်ဟာအရေးကြီးဆုံးပါလဲ ဘုရား။ တချို့က သံသရာမှလွတ်မြောက်ချင်လျှင် ဒါန၊သီလ မလိုအပ်ဘူးလို့ ဆိုနေကြများမှာမှန် မမှန်ဖြေ ကြားပေးစေလိုပါ၏။)

“ဘုရားဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၏”လို့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှာ ရေးသားခဲ့တယ်။

ဘုရားအလောင်းတွေဟာ ပါရမီဖြည့်ရင် ဒါနပါရမီကို အရင်ဖြည့်လေ့ရှိကြတယ်။

အရပ်ထဲမှာ လူတွေက ပြောကြတယ်။ “အူမတောင့်မှ သီလစောင့်နိုင်မှာပေါ့”တဲ့။ မရှိလို့ မလှု မလှုလို့ မရှိတဲ့။ မရှိရင် အူမတောင့်မှာ မဟုတ်ဘူး။ ဒီတော့ အူမတောင့်ဖို့အတွက် ရှိဖို့လိုတယ်။ ရှိဖို့အတွက် လှုဖို့လိုတယ်။ လှုတယ်ဆိုတာ ဒါနပြုတာပဲ။

ဒါနမရှိတော့ အရာရာ ချို့တဲ့တယ်။ အရာ ချို့တဲ့တော့ အူမမတောင့်တော့ဘူး။ အူမ မတောင့်တော့ သီလမစောင့်နိုင်ဘူး။ ဒါကြောင့် ဒါန မရှိသူများဟာ သီလပါရမီကို ဖြည့်ကျင့်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။

သီလပါရမီကို မဖြည့်ကျင့်နိုင်မှတော့ သစ္စာပါရမီလဲ ဖြည့်ကျင့်နိုင်မှာ မဟုတ်တော့ဘူး။ မေတ္တာပါရမီလဲ မပြည့်ကျင့်နိုင်တော့ဘူး။ ကိုယ်ထက်ချမ်းသာတဲ့သူတွေကို မနာလိုမရှု့စိမ့်ဖြစ်တော့မယ်လေ။ ဘယ်မှာ မေတ္တာပါရမီဖြည့်နိုင်ပါတော့မလဲ။

နောက်ဆုံး ကိုယ့်ထက်ချမ်းသာသူက စေတနာနဲ့ ပြောတဲ့စကားကိုတောင်မှ “ငါ့ကို မရှိလို့ ဆင်းရဲလို့ ဒါမျိုးစကားကို ပြောတာ”လို့ ထင်တတ်ကြတယ်။ ဒီတော့ ခန္တီပါရမီလဲပျက်ပြီ။

ဒါနပါရမီချို့တဲ့လိုက်တာနဲ့ ကျန်တာတဲ့ပါရမီတွေကို ဖြည့်ကျင့်ဖိုဆိုတာ အင်မတန် ခက်ခဲသွားပါတယ်။ ဒါကြောင့် ဘု၇ားအလောင်းတော်များဟာ ဒါနပါရမီကို အရင်ဖြည့်ကျင့်ကြတာပါ။

နောက်ပြီးတော့ ဘာဝနာအလုပ်ကို လုပ်မဲ့သူဟာ အနိမ့်ဆုံးအားဖြင့် ငါးပါးသီလကို လုံခြုံရပါတယ်။

သီလမရှိသူဟာ စိတ်ငြိမ်သက်တည်ကြည်မှု မဖြစ်နိုင်ပါဘူး။ စိတ်ငြိမ်သက် တည်ကြည်မှု မဖြစ်ရင် ဖြစ် ပျက် သဘောတရားတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ပျက် ဖြစ် သဘောတရားတွေကို မမြင်နိုင်ပဲနဲ့တော့ ဘာတဏှာမှလဲ ချုပ်ငြိမ်းမှာ မဟုတ်ပါဘူး။ တဏှာ မချုပ်ငြိမ်းမှတော့ ဘယ်မှာ သံသရာထဲက လွတ်မြောက်နိုင်ပါတော့မလဲ။ အလေးအနက် စဉ်းစားကြည့်စေလိုပါတယ်။

ဒါန သီလက လိုအပ်လို့ ဘုရားအလောင်းတွေ ဒါနပါရမီ သီလပါရမီတွေကို ဖြည့်ကျင့်ခဲ့ကြတာပေါ့။ မလိုရင် အပိုအလုပ်တွေဆိုရင် ဘယ်မှာ လုပ်နေကြပါ့မလဲ။

ဒါန သီလ မလိုဘူးလို့ ပြောသူများဟာ ဗုဒ္ဓဘုရားရှင်တွေထက် ပိုတော် ပိုတတ်တဲ့ သူများထင်ပါရဲ့။

တချို့ လူ့ဗလချာ ဗာလမျိုးတွေက ခုဇ္ဇုတ္တရာတို့ အင်္ဂုလိမာလာတို့ဟာ သူခိုးနဲ့ လူသတ်သမားတွေပါ။ သူတို့ဘယ်မှာ သီလလုံလို့လဲ။ သီလမလုံပဲ တစ်မဂ်တစ်ဖိုလ်ရသွားခဲ့ကြတာပဲ။ ဒါကို ကြည့်သောအားဖြင့် သီလ မလိုပါဘူးလို့ ပြောလေ့ရှိကြတယ်။

ပစ္ဆိမဘ၀ိကဖြစ်တဲ့ ဒီဘ၀မှာ မဂ်ဖိုလ်ရဖို့ ကျိန်းသေနေတဲ့ ပါရမီရှင်ကြီးတွေနဲ့များ သူတို့မို့ မတန်မရာ နှိုင်းယှဉ်ကြပါပေရဲ့။ သူတို့တွေဟာ ပါရမီတွေကို အကုန်အပြည့် ဖြည့်ပြီးကြပြီ။ ဒီဘ၀လေးကိုပဲ ကွက်ကြည့်နေရင်တော့ မှားမှာပေါ့။

နောက်ပြီးတော့ နိဗ္ဗာန်ဝင်တာချင်း အတူတူတောင် ဒါနရှိသူများကျတော့ မပင်မပန်းချမ်းချမ်းသာသာသူဌေးကြီးဘ၀နဲ့ ၀င်ရတယ်။ ဒါနမရှိသူများကြတော့ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် သူတောင်းစားဘ၀နဲ့ နိဗ္ဗာန်ဝင်ရတယ်။

နောက်ဆုံးပြောချင်တာက ဒါန သီလ ဘာဝနာ အားလုံးအရေးကြီးပါတယ်။ နိဗ္ဗာန်ရဖို့အတွက် ဒါန သီလ မလိုဘူးလို့ ပြောတဲ့စကားဟာ သွက်သွက်ခါအောင် မှားယွင်းပါတယ်။

Sunday, March 17, 2013

ကျေးဇူးရှင်မိဘတို့၏...နောက်ဆုံးမျှော်လင့်ချက်...


...အောင်ဆန်းဆရာတော်ဘုရားဘဒ္ဒ န္တ သဒ္ဓမ္မကိတ္တိသာရ ဟောကြားတဲ့ တရားတော်ထဲက သားသမီးဝတ္တရားငါးပါးနဲ့ ပတ်သက်ပြီး ဆုံးမဟောပြထားတာလေးကောက်နုတ်ချက်နဲ့ ...လှူမျှဝေ၍ဆိုတဲ့သားသမီးများထံမှ ကျေးဇူးရှင်မိဘများ မျှော်လင့်သော နောက်ဆုံးမျှော်လင့်ချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် ရွှေညာ-မောင်ယဉ်စိုးမှ လက်တွေ့မဖြစ်မနေ လုပ်ဆောင်ရမည့်အချက်များ ရွေးထုတ်စီစဉ်ဖော်ပြထားခြင်းကို ကမ္ဘာသစ် ဓမ္မမိတ်ဆွေများ. သူငယ်ချင်းများအတွက် ပူးတွဲတင်ဆက် မျှဝေပေးလိုက်ပါတယ်ရှင်. ပိုပြီးပြည့်ပြည့်စုံစုံ.ရှင်းရှင်းလင်းလင်းလေးသိစေချင်တဲ့ ဆန္ဒပါရှင်.

...အောင်ဆန်းဆရာတော်ဘုရားဘဒ္ဒ န္တ သဒ္ဓမ္မကိတ္တိသာရ ဟောကြားတဲ့ တရားတော်ထဲက သားသမီးဝတ္တရားငါးပါးနဲ့ ပတ်သက်ပြီး ဆုံးမဟောပြထားတာလေးပါ.

***သားသမီးဝတ်***

*** ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊
ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။


...မိဘတိုင်း.မိဘတိုင်း မိမိတို့ သားသမီးလေးတွေ ပေါ်ပေါက်လာတာနဲ့ မိဘတို့ဝတ္တရားဆိုတာရှိလာတယ်.


* မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊
ဖခင်မယ်တို့တာ* ဟူသည်နှင့်အညီ မိဘ၀တ္တရားအရ အရွယ်အလိုက် အတတ်ပညာသင်ပေးရတာတွေ.
အရင်းအနှီး စိုက်ထုတ်ပေးရတာတွေ. ဒါတွေဟာ မိဘ၀တ္တရားတွေဘဲပေါ့.

...မိဘတို့က လက်ထပ်ထိမ်းမြားပေးလိုက်တာနဲ့ တစ်အိုးတစ်အိမ် ထူထောင်နေကြ၊ ဒီမှာကျွေးမွေးမပျက်ဆိုတဲ့
သားသမီးဝတ္တရားက ဒီကစရင်ပိုပြီး ပီပြင်ပါလိမ့်မယ်. ဘာလို့လဲဆိုတော့ ငယ်စဉ်ကလည်း ပညာတွေသင်ကြ.
ဘာကြညာကြဆိုတော့ မိဘကို လုပ်မကျွေးနိုင်သေးဘူး. အရွယ်လေးရောက်လာပြန်တော့လည်း ပညာလေးစုံမလို့ရှိသေး
ကြင်ယာလေးတွေ ဆုံလိုက်ကြရလို့ မိဘကို မလုပ်ကျွေးနိုင်ကြပြန်ဘူး. အချို့ဆိုရင် ပညာတောင်မစုံကြသေးဘူး.
အိမ်ထောင်ရက်သားကျကြ. ဒါနဲ့ဘဲ ကျွေးမွေးမပျက်ဆိုတာ မဖြစ်ခဲ့ကြဘူး.

...အေးဒီတော့ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ တည်ထောင်ပြီးကြတဲ့အခါမှာတော့ မိမိတို့ရဲ့စီးပွားရေးအခြေအနေအရ
ဇနီးမောင်နှံတိုင်ပင်ပြီး သူ့ဘက်ကိုယ့်ဘက် သဘောမကွဲဘဲ မိအိုဖအိုတွေကို ကျွေးမွေးကြရင်ဖြင့် ကျွေးမွေးမပျက်ဆိုတဲ့
သားသမီးဝတ္တရားကျေတဲ့ သားရတနာ.သမီးရတနာတွေဖြစ်ကြမှာပါဘဲ။ စီးပွားရေးနိမ့်ပါးလို့ သိသိသာသာ မကျွေးမွေး
မထောက်ပံ့နိုင်သည့်တိုင်အောင် မိမိတို့ရဲ့စားဦးစားဖျား. ဟင်းထူးဟင်းဆန်းလေးရှိရင်တောင်မှ မိဘတွေဆီကို တစ်ဇွန်းတစ်ယောက်မ. တစ်ပန်းကန်ဆိုသလို ရောက်အောင်ကြိုးစားကြပါ. ဒါမှ သားသမီးဝတ္တရားကျေတယ်လို့ဆိုရပါမယ်.

...ဆောင်ရွက်စီမံဆိုတာက မိတွေ.ဘတွေ အခြေတည်ပေးလိုက်တဲ့ လုပ်ငန်းကိုင်ငန်းတွေ.ဒါတွေကို ဦးဆောင်စီမံ ဆောင်ရွက်ရမယ်ပေါ့.
ဥပမာ-ကုမ္ပဏီကြီးတွေ ဘာတွေထောင်ထားရင်လည်း အဲဒီကုမ္ပဏီမှာ စီမံခန့်ခွဲအုပ်ချုပ်ပြီး မိဘတွေကိုယ်စား လုပ်တတ်ကိုင်တတ် ရမယ်. ဒါကဆောင်ရွက်စီမံ.

...မွေခံထိုက်စေ ဆိုတာက မိဘတွေရဲ့ ကောင်းမွေဆိုးမွေ . ကောင်းမွေဆိုတာက မိဘတွေပြုလုပ်ခဲ့တဲ့ အစဉ်အလာကောင်းတွေ. ကုသိုလ်ရေး.ဘာသာသာသနာရေးဆိုတဲ့ အစဉ်အလာကောင်းတွေကို သားသမီးတွေ ခံကြရပါတယ်.
အဲလိုကောင်းမွေခံရသလို ဆိုးမွေကိုလည်း သားသမီးတွေ ခံကြရပါတယ်. မိဘတွေကောင်းရင် ကောင်းသလောက် ဂုဏ်သရေရှိပြီး. ဆိုးရင်လည်း ဆိုးသလောက် သားသမီးတွေ မျက်နှာငယ်ကြရပါတယ်. ဘုရားဒကာဦးဖြူရဲ့သားဆိုလည်း အမွေပါဘဲ. အရက်သမားဦးမဲရဲ့သားဆိုလည်း အမွေပါဘဲ. ပစ္စည်းဥစ္စာကိုသာ အမွေခံကြရတာမဟုတ်ဘဲ မိဘတွေရဲ့နာမည် ကောင်းမွေဆိုးမွေ ကိုလည်း သားသမီးတွေခံကြရပါတယ်. ဆိုတော့ ကိုယ်က မိဘအလှည့်ရောက်တဲ့အခါမှာ ကိုယ့်သားသမီးလေးတွေ ကောင်းမွေခံ ဖြစ်ဖို့ဆိုတာ မိဘတိုင်းရဲ့သမိုင်းပေး တာဝန်ပါ. အဲဒီလို မိဘတွေရဲ့ကောင်းမွေကို ခံထိုက်တဲ့သားကောင်း.သမီးကောင်းလေးတွေ ဖြစ်ဖို့လည်း သားသမီးများမှာ တာဝန်ရှိပါတယ်.

...စောင့်လေမျိုးနွယ် ဆိုတာကလည်း အမျိုးချစ်စိတ်ရှိဖို့. အစဉ်အလာကောင်း ထိန်းသိမ်းဖို့ သွန်သင်ချက်ပါဘဲ.

...လှူမျှဝေ၍ဆိုတဲ့ သားသမီးများထံမှ ကျေးဇူးရှင်မိဘများ မျှော်လင့်သော နောက်ဆုံးမျှော်လင့်ချက်ကို
ရွှေညာ-မောင်ယဉ်စိုးမှ လက်တွေ့မဖြစ်မနေ လုပ်ဆောင်ရမည့်အချက်များကို ရွေးထုတ်တင်ဆက်ထားတာလေးပါ.



...သားသမီးတို့အပေါ်မိဘတို့သည် အောက်ဖော်ပြပါ အချက်ငါးရပ်ဖြင့် မျှော်လင့်ချက်ထားခဲ့ကြသည်။
(၁) ငါတို့ အိုမင်းသောအခါ သား.သမီးများက ငါတို့အား အတုံ့တစ်ဖန် ပြန်လည် လုပ်ကျွေးပြုစုကြလိမ့်မည်။
(၂) ငါတို့ပြုလုပ်ရမည့် အမှုကိစ္စ ကြီး.ငယ်တို့ကို သားသမီးများက ငါတို့ကိုယ်စား အားထုတ်ပြုလုပ်ကြလိမ့်မည်။
(၃) ငါတို့အမျိုးအနွယ်အဆက်ရှည်ကြာအောင် သားသမီးများက ပြုမူဆောင်ရွက် နေထိုင်ရစ်ကြလိမ့်မည်။
(၄) ငါတို့၏အမွေကို သားသမီးများက ခံယူရစ်ကြလိမ့်မည်။
(၅) ငါတို့ ကွယ်လွန်ပြီးသောအခါ သားသမီးများက ငါတို့အား ရည်စူး၍ ကုသိုလ်ကောင်းမှုပြုကာ ငါတို့အား အမျှအတန်း ပေးဝေခြင်းဖြင့် ထောက်ပံ့မှုပြုကြလိမ့်မည်။
(အင်္ဂုတ္တရ၊ ပဉ္စကနိပါတ်၊ ပုတ္တသုတ်)

...မိဘကိုပြုစုလုပ်ကျွေးခြင်း၊ မိဘ၏တာဝန်များကို ပခုံးပြောင်းတာဝန်ယူခြင်း၊ မျိုးနွယ်ဆက်ကြာရှည်တည်အောင်
ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အမွေခံယူခြင်းဟူသော အချက်တို့ကို သားသမီးများ တာဝန်ကျေအောင် ဆောင်ရွက်
နိုင်သည်ထားဦး၊ နောက်ဆုံးအချက်ကိုကား ခြွင်းချက်ဖြင့်သာ လက်ခံရပေမည်။

...မိဘများ၏ ယင်းနောက်ဆုံးမျှော်လင့်ချက်ကို သားသမီးများသည် မိရိုးဖလာအစဉ်အလာအရကား ဆောင်ရွက်
နေကြသည်သာဖြစ်ပါ၏။ သို့သော်မိဘများ၏ မျှော်လင့်ချက်ကား *ပြည့်မှပြည့်ဝပါလေစ*ဟု စဉ်းစားစရာရှိပါသည်။
မျှော်လင့်ချက်ကိုတော့ ဖြည့်ဆည်းပေးပါ၏။ သို့ရာတွင် လုပ်နည်းလုပ်ဟန် (ဖြည့်ဆည်းပေးမှုလုပ်ရပ်) လွှဲမှားမှုများ၊
အားနည်း.ချို့ယွင်းချက်များကြောင့် မိဘများမျှော်လင့်ချက် မပြည့်ဝဘဲရှိနေရတတ်ပါသည်။ သားသမီးများ အလွန်တရာ
ဆင်ခြင်စဉ်းစားသင့်သောကိစ္စဖြစ်သည်။

...သားသမီးသံယောဇဉ်၊ ပစ္စည်းသံယောဇဉ် စသည်တို့ဖြင့် လူ့ဘောင်လောကမှ ခွဲခွာ(ကွယ်လွန်)သွားရရှာသော မိဘများသည် ဂတိငါးပါးတွင် (ပေတဂတိ)ခေါ် ပြိတ္တာဘ၀သို့လည်း ရောက်တတ်ပေသည်။ ထိုကဲ့သို့ အ၀တ်ဆင်းရဲ၊ အနေဆင်းရဲ၊ အစားဆင်းရဲ စသော ဆင်းရဲခြင်းတို့ဖြင့် နေရသော (ပြိတ္တာဖြစ်ရသူ) မိဘများ၏အဖြစ်ကို သားသမီးများ ကြီးမားမြင့်မြတ်သောဆန္ဒဖြင့် ထောက်ပံ့ကူညီပေးရမည်ဖြစ်ပေသည်။ ထောက်ပံ့ကူညီပေးပုံပေးနည်းကိုလည်း ဗုဒ္ဓဘုရား၏ လမ်းညွှန်ဟောကြားချက်များ၌ ၇ှိခဲ့ပြီးဖြစ်သည်။


(၁) ဒေ၀ဂတိ-နတ်ဘုံ၊ ဗြဟ္မာ့ဘုံ
(၂) မနုဿဂတိ-လူ့ဘုံ
(၃) တိရစ္ဆာနဂတိ-တိရစ္ဆာန်ဘဝ
(၄) ပေတဂတိ-ပြိတ္တာဘုံ၊ ပြိတ္တာဘဝ
(၅) နိရယဂတိ-ငရဲဘုံ ဟူ၍ ဂတိငါးမျိုးလားရောက်ရာ ဘုံဘ၀ငါးမျိုးရှိရာ ဤလူ့ဘုံလူ့ဘ၀မှ ကွယ်လွန်ကာ *ပေတဂတိ*-ပြိတ္တာဘ၀ရောက်ရှိသွားသူကို ရည်စူးပြုလုပ်သောဒါနသည် *ပေတဒါန*ဖြစ်သည်။ ထိုပေတဒါနသည် ပြိတ္တာဘုံဘ၀ရောက်ရသူအတွက်သာ အကျိုးသက်ရောက်မှုရှိပေသည်။ ကွယ်လွန်သူသည် အကယ်၍ နတ်.ဗြဟ္မာ့ဘုံ၊ လူ့ဘုံ၊ တိရစ္ဆာန်ဘ၀၊ ငရဲဘုံတို့သို့ရောက်ရှိသွားပါက ကျန်ရစ်သူပြုလုပ်သည့် ကုသိုလ်အဖို့သည် ကွယ်လွန်သူအတွက် အကျိုးသက်ရောက်မှု မ၇ှိချေ။ သို့သော် ထိုကုသိုလ်သည် အချည်းနှီးတော့မဖြစ်၊ မိမိတို့ ကုသိုလ်ပြုသူများသည် ယင်းကုသိုလ်၏အကျိုးကို ကျိန်းသေမုချ ပြန်လည်ရရှိကြမည်ဖြစ်သည်။ အမှန်မှာ ကွယ်လွန်သူကို ရည်စူးပြုလုပ်သော ကောင်းမှုအဖို့ကို ကွယ်လွန်သူရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မိမိတို့ ကုသိုလ်ကောင်းမှုပြုသူတို့ကား(ရသင့်သလို) ရရှိကြမည်သာဖြစ်သည်။

...ဂတိငါးပါးအနက် ပြိတ္တာဂတိ-ပြိတ္တာဘ၀ရောက်ရသူသာ ကျန်ရစ်သူတို့ပြုသော ကုသိုလ်အကျိုးသက်ရောက်မှု ၇ှိနိုင်သည်ဟုဆိုလင့်ကစား ပြိတ္တာတိုင်းအတွက်ကား အကျိုးသက်ရောက်မှုမ၇ှိနိုင်ချေ။

(၁) ၀န္တာသိကပြိတ္တာ
(၂) ခုပ္ပိပါသိကပြိတ္တာ
(၃) နိဇ္ဈာမတဏှိကပြိတ္တာ
(၄) ပရဒတ္တူပဇီဝိတပြိတ္တာ ဟူသော ပြိတ္တာ(၄)မျိုးအနက် ပရဒတ္တူပဇီဝိတပြိတ္တာ အဖြစ်မျိုးသာလျှင် ကျန်ရစ်သူတို့ပြုသော ကုသိုလ်အဖို့အမျှပေးဝေမှုကို ရယူနိုင်သည်။ ကျန်ပြိတ္တာမျိုးဖြစ်ခဲ့ပါမူ အကျိုးသက်ရောက်မှု မ၇ှိနိုင်ပါချေ။
(မိလိန္ဒပဥှာ၊ ပါ-၂၈၄၊ ပုဗ္ပပေတာဒိပဥှ)

*

...ကွယ်လွန်ပြီးသူသည် မည်သည့်ဘ၀မှာပင်ရောက်နေစေကာမူ ကျန်ရစ်သူများအနေဖြင့် ထိုကွယ်လွန်သူအတွက် ရည်စူးလျက် ကုသိုလ်ကောင်းမှုပြုကာ အမျှပေးဝေသင့်လှသည်သာဖြစ်၏။ ဤသည်မှာ မလွှဲနိုင်သော ဆောင်ရွက်ချက်ပင်ဖြစ်သည်။ ကွယ်လွန်သူကို ရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေရာတွင် နည်းမှန်လမ်းကျပြုလုပ်တတ်ဖို့ အရေးကြီးပေသည်။ ဤတွင်ဆရာကြီးဦးမြင့်ဆွေ(မြင့်ဆွေ)၏ *ကွယ်လွန်သူကောင်းကျိုးရအောင် ဒါနပြုနည်း*စာအုပ်မှ အရေးကြီးသော အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုပါသည်။

...အလှူခံပုဂ္ဂိုလ်မှာ သီလမရှိသော ဒုဿီလရဟန်းဖြစ်နေလျှင်လည်း ကွယ်လွန်သူအနေဖြင့် ယင်းကုသိုလ်၏ အဖို့ဘာဂအမျှကို သာဓုမခေါ်နိုင်ပေ၊ သာဓုမခေါ်နိုင်သဖြင့် ယင်းကုသိုလ်အတွက် ကောင်းကျိုးသုခ မ၇ရှိနိုင်ပေ။ ထို့အတူ လှူဖွယ်ဝတ္တုမှာ ရဟန်းသံဃာတော်များနှင့် မအပ်စပ်သော အကပ္ပိယအနာမာသ ငွေကြေးဖြစ်နေလျှင်လည်း ကွယ်လွန်သူအနေဖြင့် ယင်းကုသိုလ်၏ အဖို့ဘာဂ ကောင်းကျိုးသုခကို မရရှိနိုင်ပေ။


***သံဃိကဆွမ်းသွတ်နည်း***

...သို့ဖြစ်ရာ ကွယ်လွန်သူအား ရည်စူးကာ ဆွမ်းသွတ်အလှူပြုလုပ်ရာ၌ အလှူခံပုဂ္ဂိုလ်ကို သီလရှိ-မရှိ၊ သီလ၀န္တ ဟုတ်မဟုတ် မစိစစ် မရွေးချယ်တတ်လျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မစိစစ်နိုင်လျှင်သော် လည်းကောင်း သံဃိကဒါနအဖြစ် ဆွမ်းသွတ်လှူဒါန်းခြင်းသည် အသင့်လျော်ဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ ကွယ်လွန်သူအတွက် ကျိန်းအသေဆုံးဖြစ်သည်။

...သံဃိကဒါနအဖြစ် ဆွမ်းသွတ်လှူဒါန်းပါက ဥဒ္ဒိဿိကသံဃိကဒါနဖြစ်အောင် စိစစ်လှူဒါန်းသင့်သည်။ ဥဒ္ဒိဿိကသံဃိကဒါန ဆိုသည်မှာ ကွယ်လွန်သူမည်သူမည်ဝါအတွက်ဟူ၍ ရည်ညွှန်းပေးလှူခြင်းဖြစ်သည်။ ဥဒ္ဒိဿိကသံဃိကဒါနမြောက်အောင် လှူဒါန်းနည်းမှာ လှူဒါန်းလိုသော ကျောင်းတိုက်မှ အကြီးအမှူး နာယက ဆရာတော်အား *ကွယ်လွန်သူ(မည်သူမည်ဝါ)အတွက် ဆွမ်းသွတ်အလှူဒါနပြုလုပ်လှူဒါန်းလိုပါသဖြင့် အရှင်ဘုရား၏ ကျောင်းတိုက်မှ (သံဃာ့ကိုယ်စား) သံဃာတော်(ဘယ်နှစ်ပါး)ကြွရောက်ချီးမြှင့် အလှူခံတော်မူပါဘုရား* ဟု ပင့်လျှောက် ရမည်။ ထိုအခါ ကျောင်းတိုက်ဆရာတော်က သံဃာ့ကိုယ်စားညွှန်ကြားပေးသော သံဃာတော်ကို သံဃာဟူသော အမှတ်ဖြင့် ရိုသေလေးစားစွာ လှူဒါန်းရမည်။

...အထက်ဖော်ပြပါ ပေတဒါနဆိုင်ရာ အချက်အလက်များမှာ မိဘများ၏ နောက်ဆုံးမျှော်လင့်ချက်ကို သားသမီးများက အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌ မသိမဖြစ် သိထားရမည့်အချက်များဖြစ်၍ ဤ၌ အတန်အသင့် ကျယ်ပြန့်စွာ တင်ပြလိုက်ရခြင်းဖြစ်ပေသည်။


...ကွယ်လွန်သူအတွက်ပြုလုပ်သော ပေတဒါနကို တစ်ခါသာပြုလုပ်ခြင်းထက် အကြိမ်များစွာပြုလုပ်ခြင်းက ပို၍ကောင်းမွန်ပေသည်။ ရဟန်းတော်များနှင့်အပ်စပ်သော လှူဖွယ်ပစ္စည်းတို့ကိုလည်း ဖွယ်ဖွယ်ရာရာကြီးလှူနိုင်က လှူသင့်သည်။ ဆွမ်း.သင်္ကန်း.ကျောင်း.ဆေးဟူသော ပစ္စည်းလေးပါးအနက် ကြီးကြီးကျယ်ကျယ်ကျောင်းကြီးများ ဆောက်လုပ်လှူဒါန်းနိုင်ခြင်း မရှိလျှင် ဇရပ်.တည်းခိုနားနေစရာ အဆောက်အအုံငယ်.ကမ္မဋ္ဌာန်းကျောင်းကလေးမျိုး စသည်ဖြင့် တတ်နိုင်သလို ကြံဖန်လှူဒါန်း သင့်သည်။

...အချုပ်အားဖြင့်ဆိုရသော် မိဘများသက်ရှိထင်ရှားရှိနေစဉ်၌ အကြောင်းအမျိုးမျိုးကြောင့် ထင်သလောက် ကျေးဇူးမဆပ်နိုင်စေကာမူ ကွယ်လွန်ပြီး နောက်၌ကား...

*ငါတို့ကွယ်လွန်ပြီးသောအခါ သားသမီးများက ငါတို့အားရည်စူး၍ ကုသိုလ်ကောင်းမှုပြုကာ ငါတို့အား အမျှအတန်း
ပေးဝေခြင်းဖြင့် ထောက်ပံ့မှုပြုကြလိမ့်မည်* ဟူသော ဘ၀တစ်ခုအတွက် သားသမီးများထံမှ မိဘများရယူလိုသော နောက်ဆုံး မျှော်လင့်ချက်ကိုမူ သားသမီးတိုင်းလေးစားစွာ လိုက်နာဆောင်ရွက်ပေးသင့်လှပါကြောင်း စေတနာကောင်းဖြင့် ရေးသား တင်ပြ လိုက်ရပေသတည်း။
( မြတ်ပန်းဝေ ဘာသာရေး မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၃ )


ကျေးဇူးရှင်မိဘနှစ်ပါး၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်သော သားသမီးကောင်းများဖြစ်ကြပါစေ...
Related Posts Plugin for WordPress, Blogger...