မောင်မောင်ဟာ တိုးတက်လိုတဲ့ လူငယ်ဖြစ်တဲ့အလျောက် မိမိကိုယ်ကမိမိ အမြဲ
သုံးသပ်နေတတ်ပါတယ်။ သူ နိုင်ငံခြားဘာသာစကားနဲ့ ကျောင်းပြီးပြီးချင်း
ပထမဆုံး ဝင်လုပ်ဖြစ်တဲ့ အလုပ်က စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး
ဝန်ထမ်း၁၅ဦး ခန့်သာ ရှိပါတယ်။ ကျောင်းပြီးခါစ လုပ်ငန်းအတွေ့ကြုံက
မရှိဆိုတော့ ကန်ဒေါ်လာ ၁ဒေါ်လာကို ကျပ် ၁၃၀၀ခန့် ပေါက်တဲ့ အချိန်မှာ သူက
ငါးသောင်းကျပ်နဲ့ အလုပ်စဝင်ခဲ့တာပါ။ သူကျေကျေနပ်နပ်နဲ့ အလုပ်ကို
ကြိုးစားလုပ်ခဲ့ပါတယ်။ လုပ်ရတာကတော့ အစုံပါပဲ။ စကားပြန်လည်းလုပ်
ကုန်ကြမ်းဝယ်လည်းပါ ထုတ်လုပ်ရေးပိုင်းလည်းဝင် အရောင်းမြှင့်တင်ရေးလည်း
မကျန် လုပ်ငန်းအတွေ့ကြုံ၊ ပေါင်းသင်းဆက်ဆံရေး ၊ နယ်ခရီး စတဲ့ အတွေ့ကြုံတွေ
အများကြီးရခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နှစ်ပြည့်တဲ့အခါ သူ သုံးသပ်မိတာက သူ့အတွက်
တက်လမ်း ရှိမရှိဆိုတာပါပဲ။
သူဌေးက အသက်ကြီးပြီ။ စိတ်ညစ်ရင် အရက်သောက်တတ်တယ်။ ထုတ်ကုန်နဲ့ပတ်သက်တဲ့ R&D မလုပ်နိုင်တော့ဘူး။ ကုန်ကြွေးတွေဝိုင်းနေတယ်။ ရင်းနှီးငွေ ထပ်မထည့်နိုင်တော့ဘူး။
ထုတ်ကုန်က ၄မျိုးတည်းရယ်။ အဲဒီအချိန်မှာ စီပီဆိုတဲ့ ကုမ္ပဏီက မြန်မာပြည်မှာ အရမ်းနာမည်ရနေပြီ။ ဘယ်လိုမှ မယှဉ်နိုင်။
ထုတ်လုပ်မှု မန်နေဂျာနဲ့ အရောင်းမြှင့်တင်ရေး မန်နေဂျာက ဘာမှ သုံးစားမရဘူး။
ဝန်ထမ်းတွေကလည်း အကုန် စိတ်နဲ့ လူနဲ့မကပ်။
သင်သာဆို ဒီကုမ္ပဏီမှာ ဆက်လုပ်မလား။ တက်လမ်းရှိမယ်ထင်သလား။
မောင်မောင်ကတော့ တက်လမ်းလုံးဝမရှိတဲ့ အလုပ်ဆိုပြီး ရဲရဲကြီး ထွက်ခဲ့ပါတော့တယ်။
ရှေ့ဆက်ဖော်ပြမယ့် ပိုစ့်တွေဟာ လုပ်ငန်းခွင်ထဲမှာ လိုက်နာသင့်တဲ့ စိတ်ထားပိုင်းဆိုင်ရာနည်းနာတွေပါ။ သင်ကော သင့်ကုမ္ပဏီကိုပါ အတူတူ တိုးတက်စေမယ့် လက်တွေ့ ကျင့်သုံးရမယ့်နည်းနာတွေပေါ့။ ဒါကြောင့် အဲဒါတွေကို မဖတ်ခင်မှာ ခဏနားပြီး “လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ” အရင် စဉ်းစားစေချင်တယ်။ ဒီအလုပ်က တက်လမ်းရှိလား။ ငါ့ကို ဘယ်လောက် အတိုင်းအတာထိ တိုးတက်စေမှာလဲ။ Career Propect ကောင်းတဲ့အလုပ် သေချာလား။ သုံးသပ်ပါ။ ဒီအလုပ်ဟာ ကိုယ့်အတွက်အောင်မြင်မှု လမ်းကြောင်းတစ်ခု ဖြစ်တယ်ဆိုတော့မှ ဒီနည်းလမ်းတွေကို လိုက်ကျင့်သုံးကြည့်ပါ။ အဲ့လိုမှ မဟုတ်ရင် အိပ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေဦးမယ် အခန်း(၂)ကတော့ “ကြိုးစားမှု” နဲ့ “ရွေးချယ်မှု”တဲ့။ အားပေးဦးနော်

No comments:
Post a Comment